Homeမြန်မာသတင်း
ဝမ်းတွင်းမြို့နယ် ရှေးဟောင်းအမွေအနှစ် ကျောင်းတော်ကြီး ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်
ဝမ်းတွင်းမြို့နယ် ရှေးဟောင်းအမွေအနှစ် ကျောင်းတော်ကြီး ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်
DVB
·
January 26, 2018
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်အုပ်စု ထီးလှိုင်အရှေ့ရွာက ကျွန်းသားတွေနဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်းကျောင်းကြီး ယိုယွင်းပျက်စီးလာနေပြီး ရှေးဟောင်းအမွေအနှစ်တွေ ပျောက်ပျက်သွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရှေးဟောင်းကျောင်းကြီးထဲမှာ ဗုဒ္ဓဝင်ဇာတ်တော် ရုပ်ကြွပန်းပုလက်ရာ၊ ကနုတ်ပန်းတွေ၊ ကျေးပုရပိုက်တွေ၊ ပေစာတွေ၊ ဆံတောင်ဝှေးတွေ၊ ရွဲလုံးတွေ၊ ပန်းပုထွင်းသေတ္တာတွေ၊ သံမပါဘဲ သစ်သားထွင်းတံခါးတွေ ရှိနေတာပါ။
“ကျန်စစ်သားမင်း မင်းပြစ်မင်းဒဏ်သင့်လို့ ပုဂံက ထွက်ပြေးလာပြီး ထီးလှိုင်ရွာသူကြီး သမီး ခင်တန်နဲ့ အိမ်ထောင်ကျခဲ့တယ်။ အရိန္ဒမာလှံထိုး လေ့ကျင့်တဲ့နေရာကို လှံထိုးဂူဘုရားဆိုပြီး တည်ထားခဲ့တာ၊ ထိန်းသိမ်းမှုမရှိတော့ ပြိုကျပျက်စီးနေပြီ။ ဒီကျောင်းကြီးလည်း အဲလိုဖြစ်သွားမှာ စိုးရိမ်တယ်။ ဦးလေးက အခုအသက် ၆၀ ရှိပြီ။ ဦးလေးအဖေရဲ့ အဖေဆိုတော့ အဖိုးပေါ့၊ အဲဒီအဖိုး ငယ်ငယ်ကတည်းက ဒီကျောင်းကြီး ရှိနေခဲ့တယ် ပြောတယ်။ နှစ်ရာချီရှိနေတဲ့ ရှေးလက်ရာ အမွေအနှစ်တွေ အများကြီးရှိတဲ့ ကျောင်းတော်ကြီးပေါ့” လို့ ထီးလှိုင်ရွာခံ ဦးအောင်မြင့်က ပြောပါတယ်။
ထီးလှိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က “ပန်းပုထွင်းပြီးမှ ကပ်ထားတာ မဟုတ်ဘူး၊ သစ်တုံးတခုတည်းကို ထွင်းထားတာတွေချည်းပဲ။ အရင်က ကျောင်းပတ်ပတ်လည် စင်္ကြန် ကြမ်းပြင်ကျယ်ကြီးရယ်၊ အုတ်လှေကားကြီးရယ် ရှိတယ်။ နှစ်ကြာလာတော့ ပျက်စီးသွားတယ်။ ပြိုကျ ပျက်စီးနေတာတွေ များလာတော့ ကျောင်းကြီးက ရှေးမူတွေ ပျောက်ပျက်သွားမှာ စိုးရိမ်တယ်။ မန်ကျည်းစေ့ကြေးပုရပိုက်တွေ၊ ပေစာထုပ်တွေ အဲဒါတွေကို ချည်တုပ်ထားတဲ့ အဝတ်ကြိုးမှာ မြန်မာစာနဲ့ စာတန်းဖော်ထားတယ်။ ပန်းပုရုပ်ထဲမှာ နတ်ပြောင်ဆိုတဲ့ ပန်းပုရုပ် ရှိတယ်။ ကိန္နရီ အဖို အမရုပ် ရှိတယ်၊ တရားစီရင်တဲ့ အခန်း ရှိတယ်၊ သလွန်ရှိတယ်၊ ပလ္လင်ရှိတယ်၊ အစုံပါပဲ။ ရှေးဟောင်းဌာနက လာတယ်။ ကနုတ်တွေ၊ ပန်းပုတွေကို နံပတ်တွေ ကပ်သွားတယ်။ အဲလိုလုပ်ရုံနဲ့ မလုံလောက်ဘူး ထင်တယ်၊ စနစ်တကျ သေသေချာချာ ထိန်းသိမ်းပေးစေချင်တယ်” လို့ ပြောပါတယ်။
ကျောင်းအုပ်ဆရာကြီး ဦးဟန်ဝင်းအောင်က “၈၈ အရေးအခင်းပြီးစက ထိုင်းမင်းသမီး သီရိဒုံ လာတယ်၊ ပုဂံခေတ်နဲ့ ဆက်စပ်တယ်လို့ ပြောတာပဲ။ သမ္မတကြီး ဦးသိန်းစိန် ပြန်ပြုပြင်ပေးခဲ့တဲ့ ထီးလှိုင်အနောက်ရွာကန်ကြီးကိုလည်း အနော်ရထာဘုရင် တူးခဲ့တယ် ဆိုကြတယ်။ ဒီကျောင်းကြီးက ပန်းပုရုပ်တွေက သုဝဏ္ဏသာမ ဇာတ်တော်၊ ဝိဓူရအမတ်ဇာတ်တော် ဗုဒ္ဓဝင်ထဲက ဇာတ်တော်တွေကို ထုထားတာ တွေ့ရတယ်။ ငယ်တုန်းကဆို ဒီကျောင်းကြီးက အကျယ်ကြီးပဲ။ ပန်းပုတွေလည်း အများကြီး၊ ပြိုတာ ပျက်တာတွေ များတော့ ရှေးမူတွေ ပျောက်ကုန်မှာ စိုးရိမ်တယ်”လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် ထီးလှိုင်အရှေ့ရွာမှာ ရှိနေတဲ့ ရှေးဟောင်းကျောင်းကြီးရဲ့ အလျားက ပေ ၁၂၀ လောက်ရှိပြီး အနံက ပေ ၈၀ လောက်ရှိပါတယ်။ ဝင်ပေါက်တံခါးတွေရဲ့ တံခါးရွက်တွေမှာ ပန်းပုရုပ်တွေပါရှိပြီး တံခါးပေါက် ၈ ခု ရှိနေပါတယ်။ လှေကားလက်ရန်းမှာ ခြူးရုပ်တွေ ရှိနေပါတယ်၊ လေဝင်ပြတင်းပေါက် ၉ ခု ရှိပါတယ်။ ကျွန်းတိုင်အလုံးပေါင်း ၁၂၄ တိုင်ရှိပြီး လုံးပတ် ၂ ပေခွဲ ရှိပါတယ်။ ရှေးမူလက်ရာ အများအပြားရှိနေတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)