မွန်ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ဖြင့် ပအိုဝ်းအမျိုးသားနေ့ ကျင်းပမည်
DVB
·
January 25, 2018
၉ ကြိမ် ပအိုဝ်းအမျိုးသားနေ့ကို ပြည်နယ်အဆင့် ကျင်းပပြုလုပ်ဖို့အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေထဲက ငွေကျပ်သိန်း ၅၀၀ ကို ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က “ပအိုဝ်းအမျိုးသားနေ့ကို ပြည်နယ်အဆင့်အနေနဲ့ ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာမှာ သထုံမြို့က အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမှာပါ။ ပြည်နယ်အစိုးရဆီမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက တိုင်းရင်းသားအရေးကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ဘတ်ဂျတ်ထဲမှာ ထည့်သွင်းရေးဆွဲခဲ့လို့ ရရှိခဲ့တာပါ။ တချို့သော တိုင်းနဲ့ပြည်နယ်တွေမှာတော့ ခုလို ရန်ပုံငွေမရကြပါဘူး။ မွန်ပြည်နယ်ကတော့ ထူးခြားချက်လို့ပဲ ဆိုရမှာပါ”လို့ ပြောပါတယ်။
ပအိုဝ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိစေဖို့၊ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်ရယ်၊ တိုင်းရင်းသား ဖြစ်တည်မှုရှိကြောင်း အများပြည်သူ သိရှိအောင်ပြသရန် ရည်ရွယ်ချက်တွေနဲ့ ခုလို ပြည်နယ်အစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေ ပေးအပ်ရခြင်း ဖြစ်တယ်လို့ ဒေါ်စံဝင့်ခိုင်ထံမှ သိရပါတယ်။
ပအိုဝ်းနွယ်ဖွား သူရိယစန္ဒာမင်းကြီးရဲ့ မွေးနေ့ဖြစ်တဲ့ တပေါင်းလပြည့်နေ့ကို အစွဲပြုပြီး ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပလာခဲ့တာ ယခုနှစ် တပေါင်းလပြည့်နေ့မှာ ၆၉ နှစ်ပြည့်ပြီဖြစ်ကြောင်း ပအိုဝ်းသမိုင်းစာပေမှတ်တမ်းများအရ သိရပါတယ်။
သထုံမြို့ နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးခွန်ကျော်သိန်းက “ဟိုးအရင်တုန်းကတော့ ဒီလိုပွဲမျိုး ကျင်းပနိုင်ဖို့ ကိုယ့်မြို့နယ်အလိုက် စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေတွေနဲ့ပဲ တနိုင်တပိုင် ကျင်းပလာခဲ့တာပါ။ အခမ်းအနားလုပ်ဖို့အတွက် အလှူခံတွေ ထွက်တယ်။ နောက်ပြီး ကျနော်တို့အဖွဲ့က ရှာလို့ရထားတဲ့ ရန်ပုံငွေလေးနဲ့ မဖြစ်ဖြစ်အောင် လုပ်ခဲ့ရတာပါ။ အနည်းဆုံး သိန်း ၁၂၀ လောက်ရှိမှ ဒီလိုပွဲမျိုး ပြုလုပ်လို့ရတာပါ”လို့ ပြောပါတယ်။
ပြည်နယ်အဆင့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို အခုနှစ် မတ်လ ၁ ရက်နေ့မှာ ပေါင်မြို့နယ်၊ ကျောက်ရေတွင်း ကျေးရွာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ မြို့နယ်အဆင့် အခမ်းအနားတွေကို ကျင်းပသွားမှာဖြစ်လို့ ရရှိတဲ့ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ထဲက ခွဲဝေသုံးစွဲသွားမှာဖြစ်ကြောင်း ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရပါတယ်။
သတင်း - ယူမင်းစိုး