A d v e r t i s e m e n t With Us

အန်စီအေလက်မှတ်ထိုးရန် အဆိုပြုထားသည့် ၈ချက်ဆက်ဆွေးနွေးမည်ဟု UNFCကြေညာ

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အန်စီအေကို လက်မှတ်ထိုးနိုင်ဖို့ အဆိုပြုထားတဲ့ အဆိုပြုချက် (၈) ချက်ကို အကျေအလည် ဆက်လက်ဆွေးနွေးသွားမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ကကြေညာပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာရေးမူအပေါ် အခိုင်အမာရပ်တည်ပြီး  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဆက်လက်ကြိုးပမ်းမယ်လို့လည်းဆိုပါတယ်။ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေတွေ့ဆုံ ညှိနှိုင်းအဖြေရှာဖို့ DPN နဲ့  PC တို့အကြား နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေချိန်မှာ အစိုးရတပ်မတော်ဘက်က အကြပ်ကိုင်အဖြေရှာတဲ့ နည်းလမ်းဟောင်းတွေ လုပ်ဆောင်လာခဲ့တာကြောင့် အနှစ်သာရနဲ့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ပျောက်ကွယ်ခဲ့ရတယ်လို့ ယူအန်အက်ဖ်စီကဆိုပါတယ်။ “အကြပ်ကိုင်အဖြေရှာသည့်နည်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသောပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မည် မဟုတ်ပေ။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်၍ အန်စီအေ လမ်းကြောင်းတစ်ခုတည်းကို အသေဆုပ်ကိုင်ရပ်တည်ပြီး နည်းလမ်းဟောင်းများ အတိုင်း ဖိအားပေးလျှောက်လှမ်းနေမည်ဆိုပါက ဆိုးကျိုးသံသရာတွင် လည်နေဦးမည်”လို့ ယူအန်အက်ဖ်စီရဲ့ ဇန်န၀ါရီ ၂၄ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်ပါတီတို့ ကတော့ အစိုးရနဲ့ အန်စီအေလက်မှတ်ထိုးမယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃  ရက်က သဘောတူခဲ့ပါတယ်။ ဒါပေမယ့်  အဆိုပါ အန်စီအေစာချုပ်ဟာ အချောမသတ်ရသေးတဲ့ မူကြမ်းသာဖြစ်ပြီး လို အပ်ချက်၊ အားနည်းချက်တွေရှိနေသေးလို့  ယူအန်အက်ဖ်စီအဖွဲ့ထဲမှာရော အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ပါ အကျေအလည်ထပ်မံဆွေးနွေးရဦးမယ်လို့  ယူအန်အက်ဖ်စီ ဗဟိုကော်မတီဝင် ဦးထွန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့အဖွဲ့ဝင် ၂ ဖွဲ့ လက်မှတ်ထိုးဖို့ သဘောတူတာကတော့ တဖွဲ့ချင်းစီရဲ့ သဘော ထားဘဲဖြစ်ပါတယ်။ ဒါပေမယ့်  အန်စီအေစာချုပ်ကတော့ ကျနော်တို့တပ်ပေါင်းစုအနေနဲ့  အားလုံး အနေနဲ့ ပါဝင်ရေးဆွဲခဲ့တာဖြစ်တယ်။ အားလုံးက၀ိုင်းပြီး ရေးဆွဲတဲ့စာချုပ်ကို တဖွဲ့ချင်းစီအနေနဲ့ လက်မှတ်ထိုးတော့ အားနည်းချက်ရှိတာပေါ့နော်။ အဲဒီမပြီးပြတ်တဲ့စာချုပ်ကို လက်မှတ်ထိုးပြီး အဲဒီအတိုင်းအကောင်အထည်ဖော်သွားရင် ဦးသိန်းစိန်အစိုးရလက်ထက် လွဲမှားခဲ့တဲ့အတိုင်း အန်အယ်လ်ဒီအစိုးရဆက်ပြီးတော့ ကြုံရမှာဖြစ်ပါတယ်။ အဲဒါကို ဘက်နှစ်ဘက်စလုံးက တာဝန်ရှိ သူခေါင်းဆောင်တွေအနေနဲ့ အလေးအနက်ထားပြီး စဉ်းစားပါလို့ ပြောချင်ပါတယ်။ ကျနော်တို့ ကျန်တဲ့အဖွဲ့အနေနဲ့ လက်မှတ်ရေးထိုးခြင်းမထိုးခြင်းကတော့ ကျနော်တို့ ဒီပီအန်က အဆိုပြု ထားတဲ့ အချက် ၈ ချက် ရလဒ်နိဂုံးပေါ် မူတည်ပါတယ်ခင်ဗျ။ ယူအန်အက်ဖ်စီ အဖွဲ့ထဲမှာလည်း အန်စီအေစာချုပ်အနှစ်သာရရှိရေး ဆက်ဆွေးနွေးသွားမှာပါ။ အဖွဲ့ဝင်အားလုံးအနေနဲ့ အန်စီအေ လက်မှတ်ထိုးနိုင်ဖို့ ယူအန်အက်ဖ်စီဘက်က အချက် ၈ ချက်ပါ အဆိုပြုချက်ကို  အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ထံတင်ပြထားပြီး  ၁၇ လတာကာ လ အတွင်း  ၈ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ ဝေါဟာရမှာ သဘောထားကွဲလွဲ တစ်ဆို့နေတာ ဖြစ်ပါတယ်။ ဒီကြားကာလမှာ ယူအန်အက်ဖ်စီအဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင် မွန်နဲ့ လားဟူလက်နက်ကိုင်အဖွဲ့တို့က အန်စီအေ လက်မှတ်ထိုးမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့အနေနဲ့ ပြီးပြည့်စုံတဲ့ အန်စီအေစာချုပ်အချောသတ်နိုင်ရေး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့  ဦးထွန်းဇော်က ပြောပါတယ်။ ယူအန်အက်ဖ်စီကို ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး  အစပိုင်းမှာ SSPP ရှမ်း ၊ KIA ကချင် ၊ CNF ချင်း ၊ KNPP ကရင်နီ၊ မွန်  ၊ ANP ရခိုင် ၊ ၀ ၊ LDU လားဟူ ၊ PNLO ပအိုဝ်း ၊ TNLA တအာင်း ၊ KNU ကရင် စတဲ့အဖွဲ့တွေ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းအဖွဲ့တချို့က နုတ်ထွက်ပြီး တချို့က အန်စီအေ လက်မှတ်ထိုးလိုက်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up