Home
မြန်မာသတင်း
ဇေယျဝတီရှေးဟောင်းမြို့ရိုး ထိန်းသိမ်းရန် လိုအပ်နေ
DVB
·
January 25, 2018
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ရဲ့ အရှေ့ဘက် လေးမိုင်လောက်အကွာမှာ ရှိတဲ့ ဇေယျဝတီမြို့ဟောင်းရှိ မြို့ရိုးမှာ ရှေးဟောင်းသုတေသနဌာမှ ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ထိန်းသိမ်းမှုမရှိတဲ့အတွက် ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇေယျဝတီမြို့ဟောင်းကို ၂၀၁၄ ခုနှစ်မှာ ရှေးဟောင်းသုတေသနအဖွဲ့က လာရောက် ကြည့်ရှုခဲ့ပြီး ယဉ်ကျေးမှုနယ်မြေအဖြစ် ဧရိယာအကျယ်အဝန်း သတ်မှတ်ထားခဲ့တာပါ။ ယဉ်ကျေးမှုနယ်မြေအတွင်း ကျူးကျော်တာနဲ့ သီးနှံစိုက်ပျိုးတာ မပြုလုပ်ဖို့ တားမြစ်ထားပေမယ့် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်တာတွေ မရှိတဲ့အတွက် မြို့ရိုးကို ဖြိုချပြီး လမ်းတွေ ဖောက်လုပ်ခဲ့တာနဲ့ နန်းမြို့ရိုးအတွင်းမှာ စိုက်ပျိုးတာတွေ ရှိနေသလို လူတွေရဲ့ ဖျက်ဆီးမှုကြောင့် ပျက်စီးနေတယ်လို့ နန်းမြို့ရိုးအတွင်း နေထိုင်သူတဦးက ပြောပါတယ်။ ဇေယျဝတီနန်းမြို့ရိုးအတွင်းနေထိုင်သူ ဦးရွှေက “ကျနော် ဒီကိုရောက်တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ။ စရောက်ရောက်ချင်းကတော့ မြို့ရိုးကြီးကတော့ ကြီးတယ်။ ဒီမြို့ရိုးကို သုတေသနအဖွဲ့က နေရာ လာသတ်မှတ်ပြီးတော့ ၂၀၁၄ ခုက သူတို့ပြန်ပြီး တူးဖော်သွားသေးတယ်။ မြို့ရိုးပဲ ပြန်တူးဖော်တာပါ။ သူတို့ အုတ်ရိုး ရှိ၊ မရှိ ထောင့် လေးထောင့် ရှစ်မျက်နှာလိုက် ဖော်သွားတာ။ အုတ်ချပ်တွေပဲ တွေ့တယ်။ မြို့ရိုးရှေ့မှာလည်း အရင်ပုံစံလေး ပြန်လုပ်ထားတာ။ ဒီမှာ သူတို့ နှစ်လလောက်နေပြီး လုပ်သွားတယ်။ နေရာတွေနဲ့  ဧရိယာတွေ သတ်မှတ်တဲ့အခါ ကိုယ်တိုင်ပဲ ဦးဆောင်ပြီး လုပ်ပေးခဲ့ရတယ်။ နောက်ကိုတော့ နှစ်ခေါက်လောက် ပြန်လာသေးတယ်။ အခုမလာတာဆိုရင် ၂ နှစ်လောက်ရှိပြီ။ ဒီပတ်ဝန်းကျင်မှာ ပစ္စည်းတွေတော့ တွေ့တယ်။ ချိန်ခွင်လိုဟာလေးတွေ၊ လှံလိုဟာလေးတွေ၊ ဆေးရိုးတံလို ဟာလေးတွေ၊ စဥ့်အိုးကွဲတွေကတော့ ပေါတယ်။ စဥ့်အိုးကွဲတွေကတော့ ဘယ်နေရာ ဖော်လိုက် ဖော်လိုက် ပေါ်လာတာပဲ။ အောက် အနက် ဘယ်လောက်ရယ်တော့ မရှိဘူး။ ပေါ်ချင်တဲ့ဟာက ပေါ်လာတာပဲ။ ပြိုကျထားတဲ့ နေရာတွေ ဆိုတော့။ ဒီမြို့ရိုးတခုပဲ ဒီမှာရှိတော့တယ်။ ဒီထဲက ဘုရားလေးတွေ ရတာလည်း ရှိတယ်။ ဘုရား တွေ့တာတောင် နှစ်သုံးဆယ်ကျော်နေပြီ။ အခု ဒီမှာတော့ ကျနော်ပဲ စောင့်ရှောက်နေတာပါ”လို့ ပြောပါတယ်။ အခုလက်ရှိမှာ ဇေယျဝတီနန်းမြို့ရိုးမှာ ရှေးဟောင်းသုတေသနဌာနမှ ဇေယျဝတီ မြို့ဟောင်း အေဒီ  ၁၅၅၁ ယဉ်ကျေးမှုနယ်မြေအတွင်း မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူထားပါတယ်။ ဒါပေမယ့် မြို့ရိုးအတွင်းမှာ သီးနှံတွေ စိုက်ပျိုးတာ၊ ဒေသခံတွေက ကျွဲ နွား ကျောင်းတာ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ယောဂီကျောင်းဆောင်တွေ ဆောက်လုပ်နေထိုင်တာတွေ ရှိနေတဲ့ အပေါ် ဇေယျဝတီမြို့ရိုးဟောင်းနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တာဝန်ရှိသူတွေကို သွားရောက်မေးမြန်းခဲ့ပါတယ်။ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက “ဇေယျဝတီမြို့ဟောင်းဟာ ရှေးဟောင်းအမွေအနှစ်ပါ။ ထွေအုပ်အနေနဲ့တော့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် ညွန်ကြားချက်လည်း ထုတ်ပါ့မယ်။ ဆက်လက် ထိန်းသိမ်းတာတော့ ရှေးဟောင်းသုတေသနအဖွဲ့တွေကို တင်ပြပြီး ဘယ်လို လုပ်သင့်တယ် ဆိုတာကို အစီအမံတွေ ရေးဆွဲပြီး ဆောင်ရွက်ပေးသွားမှာပါ။ လတ်တလောမှာ ကျူးကျော်ထားတဲ့ နေရာတွေလည်း ရှိနေတယ်ဆိုတော့ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက အဓိကကျတယ်။ သူတို့နဲ့ သက်ဆိုင်ရာအဖွဲ့တွေ ကွင်းဆင်းဆောင်ရွက်ပြီးတော့ သတ်မှတ်ထားတဲ့ ရှေးဟောင်းအမွေအနှစ်တွေ မဆုံးရှုံးအောင် လုပ်ပေးသွားမှာပါ”လို့ ပြောပါတယ်။ ဇေယျဝတီမြို့ရိုးဟာ လေးထောင့်ပုံသဏ္ဌာန် တည်ရှိနေပြီး ကျုံးလေးမျက်နှာလုံးရှိနေကာ တံခါးပေါက် ၁၆ ပေါက်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး ခန့်မှန်း တမိုင်ပတ်လည် ကျယ်ဝန်းပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024