Home
မြန်မာသတင်း
ထူးချွန်နိုင်ငံ့ဝန်ထမ်းများကို ဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်ရန် ပြည်သူ့လွှတ်တော်၌ အဆိုအောင်မြင်
DVB
·
January 25, 2018
  ထူးချွန်တဲ့နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံခြားပညာသင်လွှတ်တာမျိုး အပါအ၀င် အဆောင်အယောင်ဘွဲ့တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်ဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်မှာ အောင်မြင်သွားပါတယ်။ ဇန်န၀ါရီ ၂၅ရက် ဒီနေ့ပြည်သူ့လွှတ်တော်မှာ  ခရမ်း မဲဆန္ဒနယ်က ဒေါက်တာဦးအေးမင်း၊ တင်သွင်းတဲ့  “နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီပြီး ထူးချွန်စွာ တာဝန် ထမ်းဆောင်သူများထဲက သင့်လျော်တဲ့ ဝန်ထမ်းအရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင် အယောင်များ၊ အပန်းဖြေလေ့လာရေးခရီးများ၊ နိုင်ငံရပ်ခြား ပညာတော်သင်ခရီးစဉ်များနဲ့  အခြားသော ဂုဏ်ပြုချီးမြှင့်၊ အသိအမှတ်ပြုမှုများ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းတို့ရဲ့ စိတ်ဓာတ် နဲ့ လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အဆိုကို တပ်မတော်သားကိုယ်စားလှယ် ၂ ဦး အပါအ၀င် ကိုယ်စားလှယ်စုစုပေါင်း ၁၆ ဦး ပါဝင်ဆွေးနွေးခဲ့ကြပြီး ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဋ္ဌကလည်း ထောက်ခံဆွေးနွေးသွား ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီးကျော်သီဟကတော့ နိုင်ငံ့ဝန်ထမ်းအားလုံးကို လစာစရိတ် တိုးပေးဖို့ ဆွေးနွေးပါတယ်။ “ထူးချွန်ဝန်ထမ်းများအား ချီးမြှင့်ပေးသလို နိုင်ငံ့ဝန်ထမ်းအားလုံးကိုလည်း ခေတ်ကာလနဲ့အညီ လစာစရိတ် တိုးမြှင့်ပေးနိုင်ပါက ပိုမို ကောင်းမွန်မှာ ဖြစ်ပါတယ်၊ ထူးချွန်ဝန်ထမ်းများထဲက သင့်လျော်သည့်အရေအတွက် ဆိုသည့်စကားရပ်ကိုမူ သုံးသပ်ရန် လိုအပ်သည်ဟု ထင်မြင်ယူဆမိပါတယ်။” နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ဝန်ထမ်းတွေကို အစိုးရအနေနဲ့ တခြားနည်းလမ်းတွေနဲ့ ပံ့ပိုးပေးသွားမယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ပြန်ကြေညာခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းလက်စွဲစာအုပ် ဖြန့်ချိရေးအခမ်းအနားမှာ ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024