အိုမန်တွင်ကျင်းပမည့် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ မြန်မာအသင်း ယှဉ်ပြိုင်မည်

အိုမန်နိုင်ငံမှာ လက်ခံကျင်းပမယ့် ဒေးဗစ်ဖလား (Davis Cup) အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန် အုပ်စု ဃ ကို မြန်မာ့လက်ရွေးစင် တင်းနစ်လက်ရွေးစင်သမားတွေဖြစ်တဲ့ အောင်ကျော်နိုင်၊ တင်မျိုးဝေ၊ အောင်မျိုးသန့်၊ ဇော်ဆန်းဦးတို့ လေးဦး သွားရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲကို အိုမန်နိုင်ငံ မတ်စကတ်မြို့မှာ လာမယ့် ဇန်နဝါရီ ၂၉ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး အိမ်ရှင် အိုမန်၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ့်၊ ဂူအမ်၊ အီရတ်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ ယူအေအီး၊ စင်ကာပူ၊ တာဂျီကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ မြန်မာ အစရှိတဲ့ အသင်းပေါင်း ၁၂ သင်းက အုပ်စု ၂ စုခွဲပြီး ပြန်လည်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အခု အုပ်စု ဃ ကနေ ထိပ်ဆုံးနှစ်သင်းဟာ လာမယ့် ၂၀၁၉ မှာ အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန် အုပ်စု ဂ ကို တက်လှမ်းယှဉ်ပြိုင်ခွင့် ရမှာလည်းဖြစ်ပါတယ်။
မြန်မာတင်းနစ်အားကစားအဖွဲ့ဟာ ၁၉၅၅ ခုနှစ်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှု သမိုင်းကြောင်းတွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ အောင်မြင်မှု လုံးဝမရရှိသေးဘူးလို့ သိရပါတယ်။
ဒေးဗစ်ဖလားပြိုင်ပွဲဟာ နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်နဲ့ အုပ်စုတွေ ပြန်လည်ခွဲပြီး ကစားတာဖြစ်သလို ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမားတွေ ယှဉ်ပြိုင်တဲ့ ကမ္ဘာ့အဆင့်အုပ်စု၊ အမေရိကဇုန်၊ ဥရောပနဲ့ အာဖရိကဇုန်၊ အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်ဆိုပြီး ခွဲခြားထားပါတယ်။
မြန်မာတင်းနစ်အားကစားအဖွဲ့အနေနဲ့ အရင်နှစ်တွေက အောင်မြင်မှုမရခဲ့ပေမယ့် ဒီနှစ်မှာတော့ အုပ်စုတွင်း အမြင့်ဆုံးအောင်မြင်မှု ရရှိလိုတယ်လို့ ကစားသမားတွေက ပြောပါတယ်။
လေ့ကျင့်ချိန် နှစ်လနီးပါး ရခဲ့တာကြောင့် ပြိုင်ဘက်နိုင်ငံတွေကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ရှိနေပေမယ့် အသင်းတိုင်းဟာ လက်စွမ်းကောင်းမွန်တာကြောင့် အခက်အခဲတွေတော့ ရှိနိုင်မယ်လို့ ဆိုပါတယ်။