လစ်ဗျားတွင် ကားဗုံး၂ လုံး ပေါက်ကွဲမှုကြောင့် ၃၅ ဦး သေဆုံး

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ ကားဗုံး ၂ လုံး မိနစ်ပိုင်းခြားပြီး ဆက်တိုက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေဟာ ၃၅ ဦးအထိ ရှိသွားပါပြီ။ ဇန်နဝါရီ ၂၃ ရက်က အယ်ဆယ်မန်နီခရိုင်ရှိ ဗလီတခုက ဝတ်ပြုသူတွေ ထွက်လာချိန်မှာ ပထမဗုံး ပေါက်ကွဲခဲ့ပါတယ်။ အဲဒီနောက် နောက် ၁၅ မိနစ်အကြာ  အခင်းနေရာကို လူတွေစုဝေးလာချိန်မှာ ဒုတိယဗုံး ပေါက်ကွဲခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာ ရခဲ့တာပါ။ မျက်မြင်တွေ့ခဲ့သူတဦးက “အာဏာပိုင်တွေက ဗုံးပေါက်ထားလို့ ဘေးဖယ်နေကြဆိုပြီး အော်ပြောတယ်။ ဒါပေမယ့် လူတွေက ရပ်ကြည့်ချင်ကြတယ်။ အဲဒီအချိန်မှာပဲ ဒုတိယဗုံးပေါက်ခဲ့တာပါ” လို့ ပြောပါတယ်။ ကားဗုံး၂ လုံး ပေါက်ကွဲတာကြောင့် သေဆုံးသူဦးရေဟာ ၃၅ ဦးအထိ ရှိသွားပြီလို့ ဆေးဘက်ဝန်ထမ်းတွေက ဆိုပါတယ်။ ဒဏ်ရာရ လူနာတဦးက “ပထမဗုံး ပေါက်တုန်းက ဒဏ်ရာရတဲ့သူ နည်းနည်းပဲရှိတယ်။ ၃ ယောက်လောက်ပဲ ရှိတယ်။ လူတွေ စုဝေးကြတော့မှ ဗလီရှေ့ရပ်ထားတဲ့ ကားကနေ ဒုတိယဗုံးပေါက်တာ။ ပထမဗုံးထက် ပိုအားပြင်းတယ်။ လူစုလူဝေးကို စောင့်ပြီးမှ ဗုံးခွဲသလိုပဲ” လို့ ပြောပါတယ်။ အခုသေဆုံးမှုဟာ အာဏာရှင် ကဒါဖီ ပြုတ်ကျပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေထဲမှာ အသေအပျောက် အများဆုံးထဲက တခုဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up