A d v e r t i s e m e n t With Us

ရတနာပုံတက္ကသိုလ်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့်ကျောင်းသားများကို နေရပ်ပြန်ပို့  

  ပညာ​ရေးအသုံးစရိတ်​ တိုးမြှင့်​​ပေး​ရေးအတွက် မန္တ​လေးရတနာပုံတက္ကသိုလ်မှာ ဆန္ဒထုတ်​​ဖော်​​နေကြတဲ့ သပိတ်​စခန်းကို ဇန်​နဝါရီ ၂၅ ရက်​မနက်​ ၄နာ၇ီခွဲလောက်မှာ အာဏာပိုင်တွေက ၀င်ရောက်ဖြိုခွင်းပြီး ကျောင်သားတွေကို နေရပ်ပြန်ပို့ဆောင်လိုက်ပါတယ်။ မန္တ​လေးတိုင်းရဲတပ်ဖွဲ့နဲ့ သက်​ဆိုင်​ရာ မြို့နယ်အုပ်​ချုပ်​​ရေးမှူးတွေ၊ ရတနာပုံ တက္ကသိုလ်​​ကျောင်းက ဆရာဆရာမတွေက သပိတ်စခန်းဖွင့် တိုက်​ပွဲဝင်​​​တောင်းဆို​နေကြတဲ့ ​ကျောင်းသား ၁၅၀ ​ကျော်​ကို မန္တလာသီရိ အားကစားကွင်းထဲကို ပို့ဆောင်ကာ မန္တ​လေးတိုင်းဝန်​ကြီးချုပ်​​က​တွေ့ဆုံပြီး​နောက် နေရပ်​ကိုပြန်​ပို့ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ မြင်းခြံက ကျောင်းသားတဦးက “ကျ​နော်​တို့ကိုဆွဲ​ခေါ်ဖမ်းတဲ့အခါမှာ မျက်နှာဖုံးအုပ်​ထားတဲ့ လူ ၁၅၀​ကျော်​က ဆွဲဖမ်းပြီး ဖုန်း​တွေကိုပါ တခါထဲသိမ်းသွားခဲ့တယ်။ ဖမ်းဆီးတဲ့အထဲမှာ အမျိုးသမီး​တွေ​ရောပါ​တာ​တွေ့တယ်​။ မနက်​ ၇နာရီ​လောက်​မှာ ​ထွေအုပ်​​တွေ ​ရောက်​လာပြီး ရဲ​တွေက နာမည်​​တွေ​၊ နေရပ်​​တွေ​မေးပြီးပြန်​ပို့တယ်​။  ကျ​နော်​က​တော့ မြင်းခြံကဆို​တော့ မြင်းခြံအုပ်​ချုပ်​​ရေးမှူးရုံးက​နေပြီး မိဘ​တွေဆီပြန်​အပ်​တယ်​။ မိဘ​တွေဆီပြန်​ပို့တဲ့ သ​ဘောပါ​။ ​ကျောင်းကပြန်​လာတက်​မှာပါ အကြမ်းဖက်​တာ​တော့မဟုတ်​ဘူး”လို့ ပြောပါတယ်။ ပညာ​ရေးစရိတ်​တိုးမြှင့်ပေး​ရေး တိုက်​ပွဲ​ကော်​မတီဝင်​က ရတနာပုံတက္ကသိုလ် တတိယနှစ် ​ဥပ​ဒေကျောင်းသား ကို​ကျော်​သီဟရဲ​ကျော်​က “ကျ​နော်​တို့ကို ဖြိုခွင်းလိုက်​တာပါ။  ကျ​နော်​တို့က ​ကျောင်းသား​တွေပါ။ ​ကျောင်းသား​တွေရဲ့​တောင်းဆိုမှုကို ပြည်​သူတွေက တင်​​မြှောက်​ထားတဲ့ အစိုးရ အ​နေနဲ့​ ညှိနှိုင်းမှုမလုပ်​ဘဲ အခုလိုလုပ်​တာဟာ​ ပြောင်းလဲပါပြီဆိုပြီး​ ပြော​နေ​ပေမယ့် ဘာမှ​မ​ပြောင်းလဲ​သေးဘူး။ အရင်ပုံစံအတိုင်းဘဲ ဆိုတာကို ပြသလိုက်တာပါပဲ။ ပ​​​ညာ​ရေးနဲ့ ပတ်​သက်​ပြီး အုပ်​ချုပ်​​ရေးမှူးတွေပိုင်းက အခုအချိန်​ထိ ဝင်​​ရောက်​စွက်​ဖက်​​နေတုန်းပါပဲ။ ​ကျောင်းထဲမှာ​တောင်​မှ အခုလိုမျိုး ဝင်​​ရောက်​ဖမ်းဆီးနေတုန်းပဲဆိုတာ ဒီမိုက​ရေစီလမ်း​ကြောင်ကို သွား​နေပါတယ်​ဆိုတဲ့ လမ်း​ကြောင်းမှာ ဒါဟာအခုအချိန်အထိ ဒီအုပ်​​ရေးပိုင်းက ဝင်​​ရောက်​စွက်​ဖက်​မှုတွေ ရှိ​သေးတယ်ဆိုတာကို ပြသလိုက်​တာ”လို့ ​ပြောပါတယ်​။ ပညာ​ရေးစရိတ်​တိုးမြှင့်​​ပေး​ရေး တိုက်​ပွဲ​ကော်​မတီဝင်​ ၇ ဦးအနေနဲ့ ​တွေ့ဆုံ တိုင်​ပင်​​ဆွေး​နွေးပြီး​ ရှေ့ဆက်​တိုက်​ပွဲကို အရှိန်​မြှင့်လုပ်​​ဆောင်​သွားမယ်​လို့​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up