ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည့် ဘရာဇီးသမ္မတဟောင်း ရွေးကောက်ပွဲ ဝင်ပြိုင်မည်

ဓာတ်ပုံ - အီးပီအေ
လာဘ်စားမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဘရာဇီးသမ္မတဟောင်း လူလာဟာ အခုနှစ်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ဇန်နဝါရီ ၂၄ ရက်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၄ ရက်က သမ္မတဟောင်း လူလာကို လာဘ်စားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ အပြစ်ရှိကြောင်း ဘရာဇီးအယူခံတရားရုံး တရားသူကြီး ၃ ဦးစလုံးက ကန့်ကွက်သူမရှိ အမိန့်ချမှတ်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ်ထပ်ပေါင်းကာ စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတဟောင်း  လူလာဟာ အယူခံဝင်ဖို့ အပြင်မှာ နေထိုင်ခွင့်ရှိနေတာလည်း ဖြစ်ပါတယ်။ တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်အပြီး ဆော်ပေါ်လိုမြို့မှာ သူ့ကို ထောက်ခံသူတွေကို “တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျနော် လေးစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တရားရုံးရဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ပါ။ ကျနော် လက်မခံတာက သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ အလိမ်အညာတွေပေါ်မှာ အခြေခံထားတာ ဖြစ်နေတာကို လက်မခံတာပါ။ ကျနော် ပြစ်မှုမကျူးလွန်ဘူးဆိုတာ သူတို့သိပါတယ်။ ကျနော် ဒီတရားသူကြီး ၃ ယောက်နဲ့ တနေ့လုံးရှိနေပြီး ကျနော်တို့ ပြောဆိုနေတာတွေကို ရုပ်သံကလည်း လွှင့်ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော် သူတို့ဆီက လိုချင်တဲ့အရာက ကျနော် ဘာပြစ်မှု ကျူးလွန်ခဲ့သလဲဆိုတာ ကျနော့်ကို ပြဖို့ပါ။  ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းကိစ္စက ကျနော် စိတ်မပူပါဘူး။ ကျနော်လိုချင်တဲ့အရာက လွန်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ကျေနာ့်အကြောင်း လိမ်လည်ပြောကြားခဲ့မှုတွေအတွက် တောင်းပန်တာကို လိုချင်တာပါ” လို့ ပြောကြားသွားပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ပြစ်မှုမှတ်တမ်း ကင်းရှင်းကြောင်း ဥပဒေအရ အယူခံတရားရုံးက ပြစ်ဒဏ်ချမှတ်ခံထားရသူတွေကို သမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အသက် ၇၂ နှစ်အရွယ် ဘရာဇီးသမ္မတလောင်း လူလာအနေနဲ့ သမ္မတရွေးကောက်ပွဲ ဝင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။ လူလာအနေနဲ့ အခုချမှတ်ထားတဲ့ ပြစ်ဒဏ်ကို အထက်အယူခံတရားရုံး ဒါမှမဟုတ် တရားရုံးချုပ်ကို အယူခံဝင်ခွင့် ရှိပါတယ်။ အထက်ရုံးတွေကို အယူခံဝင်ပြီး ပြစ်ဒဏ်ချမှတ်မယ့် အချိန်ကာလကို ဆိုင်းငံ့ထားပါက သြဂုတ် ၁၅ ရက် နောက်ဆုံးထားပြီး တင်သွင်းရမယ့် သမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up