A d v e r t i s e m e n t With Us

ရပ်/ကျေး အုပ်ချုပ်ရေးနှင့် လူထု၏ အခန်းကဏ္ဍ

ဖ.ဆ.ပ.လခေတ် ၁၉၅၃ ခုနှစ်မှာ ဒေသန္တရ အုပ်ချုပ်ရေး ပြဋ္ဌာန်းခဲ့တော့ ရပ်/ကျေးမှာ သူကြီး ခန့်ထားအုပ်ချုပ်ခဲ့တာ။ အဲဒီကာလ အုပ်ချုပ်ရေးက ရှင်းတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှာတော့ အုပ်ချုပ်မှုကောင်စီ ဖွဲ့စည်းပြီး ရပ်/ကျေးကနေ တိုင်း/ပြည်နယ်၊ ဗဟိုအထိ အဆင့်ဆင့် ကောင်စီဥက္ကဋ္ဌတွေ ရွေးချယ်ပြီး အုပ်ချုပ်ခဲ့တာ။ ရပ်/ကျေး ဥက္ကဋ္ဌကစပြီး ဗဟိုအထိ အဆင့်ဆင့်သော ကောင်စီအဖွဲ့အစည်းကိုပဲ တာဝန်ခံရတယ်။ အခု ထွေ/အုပ်လို့ ခေါ်တဲ့ မြို့ပိုင် မြို့အုပ်တွေကို တာဝန်ခံစရာ မလိုခဲ့ဘူး။ အဆင့်ဆင့်သော ရွေးချယ်ခံ ဥက္ကဋ္ဌကိုပဲ တာဝန်ခံရတာပဲ။ လူထုကိုယ်စားပြုဖို့ လူထုက ရွေးချယ်ပေးရပြီး လူထုအကျိုးဘက်ကပဲ ရပ်ကြရမှာပါ။ အခု မြို့နယ်/ခရိုင် ရွေးကောက်ပွဲမရှိဘဲ တိုင်း/ပြည်နယ်သာ ရှိတဲ့အတွက် ကွာဟနေတဲ့ မြို့နယ်အဆင့်မှာ ထွေ/အုပ်ကို တာဝန်ခံဖို့ ဖြစ်လာတယ်။ ဒီအချက်ဟာ အုပ်ချုပ်ရေးအစဉ်တခု ပျက်တယ်လို့ပဲ ပြောရမှာပါလို့ လူထုကြားမှာ ဝေဖန်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ကိုလိုနီအုပ်ချုပ်ရေးအောက် ၁၉၀၇ ခုနှစ်မှာ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် (၃) နဲ့ အမှတ် (၆) တို့ကို ပြဋ္ဌာန်းပြီး အုပ်ချုပ်ခဲ့တာပါ။ အက်ဥပဒေအမှတ် (၃) က “မြို့များ အက်ဥပဒေ” ဖြစ်ပြီး အမှတ် (၆) က “ကျေးရွာ အက်ဥပဒေ” ဖြစ်တယ်။ ဖ.ဆ.ပ.လ ကာလ ၁၉၅၃ မှာ ဒေသန္တရ အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။ ၁၉၇၄ မှာ ကောင်စီအဆင့်ဆင့်နဲ့ အုပ်ချုပ်တယ်။ န.ဝ.တ၊ န.အ.ဖ ကတော့ ရ.ယ.က နဲ့ အုပ်ချုပ်ခဲ့တယ်။ သတ်သတ်မှတ်မှတ် ဥပဒေတော့ မရှိသေးဘူး။ ၂၀၁၂ ရောက်တော့ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့တယ်။ ၂၀၁၂ မတ်လထဲမှာတော့ ရပ်/ကျေးဥပဒေကို ပထမအကြိမ် ပြင်ဆင်ခဲ့ပါတယ်။ ၂၀၁၆ ဇန်နဝါရီလထဲမှာ ဒုတိယအကြိမ် ရပ်/ကျေးဥပဒေကို ပြင်ဆင်ခဲ့ပြန်ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လထဲမှာတော့ တတိယအကြိမ် ပြင်ဆင်လိုက်ပြန်ပါတယ်။ ဒါက ရပ်/ကျေးဥပဒေ မတည်ငြိမ်သေးတဲ့အတွက် ဥပဒေပြင်ဆင်ချက်တွေ ထပ်တလဲလဲ လုပ်ဆောင်ခဲ့ရပုံတွေပါ။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရား စီးဆင်းပုံဟာ ဗဟိုအစိုးရ ဖွဲ့စည်းပုံနဲ့ တိုင်း/ပြည်နယ် အစိုးရဖွဲ့ပုံတို့ ကွာဟချက် ရှိနေခဲ့တာကိုလည်း တွေ့နေရပါတယ်။ ပြည်/တိုင်း ဝန်ကြီးချုပ်ဟာ သမ္မတကို တာဝန်ခံရမှာ ဖြစ်ပေမယ့် ဝန်ကြီးချုပ်ကိုတော့ တာဝန်ခံမယ့် မြို့နယ်၊ ခရိုင်အဖွဲ့ မရှိတာကိုလည်း တွေ့မြင်နေရပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ရွေးကောက်ပွဲကျင်းပ ရွေးချယ်တာ ဖြစ်ပေမယ့် မြို့နယ်နဲ့ ခရိုင်တို့မှာတော့ ရွေးကောက်ပွဲနဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း မရှိတာကလည်း ဝန်ကြီးချုပ်တွေကို အောက်ခြေနဲ့ အဆက်ဖြတ်ထားသလို ဖြစ်နေစေပါတယ်။ ဒါဟာလည်း အုပ်ချုပ်ရေးကို လစ်ဟာစေတဲ့ အချက်တခုအဖြစ် တွေ့နေရပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရာမှာ ရပ်/ကျေး၊ တိုင်း/ပြည်နယ် ပြည်ထောင်စုအဆင့် အသီးသီးအတွက် အခွင့်အရေး ရှိနေပေမယ့် မြို့နယ်အဆင့် ရွေးကောက်တင်မြှောက်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၅) အုပ်ချုပ်ရေးဆိုတဲ့အခန်းကို ကြည့်ပြန်တော့ ပုဒ်မ (၂၈၈) မှာ “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်” လို့ ပါရှိနေပါတယ်။ ဒါဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း (၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ(၄) “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တဝန်းလုံး၌ တည်သည်” ဆိုတဲ့အချက်ကို ငြင်းဆန်ရာ ရောက်နေတယ်လို့ ယူဆရန် အကြောင်းတရပ် ဖြစ်ပေါ်လာပါတယ်။ မြို့နယ်အဆင့်မှာ နိုင်ငံသားများထံက အချုပ်အခြာအာဏာ ဆင်းသက်ခွင့် မရှိခြင်းလား ဆိုတဲ့ အမေးတွေလည်း ရှိလာခဲ့ပါတယ်။ DVB Law Lab (ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ) အစီအစဉ်မှာ ဒီအကြောင်းတွေကို ဆွေးနွေးတင်ပြသွားဖို့ ရွေးချယ်ခဲ့ပါတယ်။ ဆွေးနွေးဖို့ ဖိတ်ကြားထားတဲ့ ပညာရှင်တွေကတော့ ဦးအောင်သူငြိမ်း (မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့၊ ဒါရိုက်တာ) နဲ့ ဒေါ်သဉ္ဇာရွှန်းလဲ့ရည် (စည်းရုံးလှုံ့ဆော်ရေးမှူး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ) တို့ပါ။ ပထဆုံး အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးအောင်သူငြိမ်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူး သက်တမ်းဟာ သမ္မတသက်တမ်းနဲ့အညီလို့ ဆိုပါတယ်။ တတိယအကြိမ် ပြင်ဆင်ချက်နဲ့အတူ နည်းဥပဒေက မရှိဘူး ဖြစ်နေတယ်။ ရွေးကောက်ပွဲအတွက် ကြိုတင်ကြေညာတာ၊ မဲဆွယ်ခွင့်ပေးတာတွေအတွက် ဥပဒေမှာ မပါဘူး။ ဒါဆိုရင် နည်းဥပဒေမှာ ထည့်ပေးမလား။ အခုထိ နည်းဥပဒေ မထွက်နိုင်သေးဘူး။ နောက်တချက်ကလည်း အငြင်းပွားမှုကို တိုင်နိုင်တယ် ဆိုပေမယ့် တိုင်ရမယ့် နေရာဌာန မရှိဘူး ဖြစ်နေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒေါ်သဉ္ဇာရွှန်းလဲ့ရည်ကလည်း နည်းဥပဒေ မရှိတဲ့အတွက် ထိန်းကျောင်းဖို့ အခက်အခဲရှိကြောင်း၊ နည်းဥပဒေမထွက်မီမှာ ညွှန်ကြားချက် ထုတ်ပေးလို့လည်း ရကြောင်း။ အဆိုးဆုံးက ပဋိပက္ခကို ထိန်းကျောင်းပေးဖို့ ဥပဒေမှာ မပါရှိတာပဲ။ ခက်နေတာက လူထုက ရွေးချယ်တင်မြှောက်လိုက်ပေမယ့် ထွေ/အုပ်ကခန့်မှ အတည်ဖြစ်မယ်ဆိုတော့ နောင်တချိန်မှာ လူထုရွေးချယ်သူနဲ့ ထွေအုပ်ခန့်ထားမှုကြားမှာ ပြဿနာပေါ်လာနိုင်တယ်။ ဒီအချက်ဟာ ထွေပြားစေတယ်လို့ ဆွေးနွေးသွားခဲ့ကြပါတယ်။ အုပ်ချုပ်ရေးအာဏာဟာ လူထုဆီက ဆင်းသက်တယ်ဆိုတာ လက်ခံတယ် ဆိုရင်တော့ လူထုက ကျေနပ်လို့ ရွေးချယ်ပေးသူကို ထွေ/အုပ် ခန့်ထားမှု လိုအပ်သလား။ ထွေ/အုပ်အနေနဲ့ လူထုရွေးချယ်ပေးမှုကို မှတ်တမ်းတင်ပြီး အထက်အဆင့်ဆင့်ကို သတင်းပေးပို့ စီမံပေးတဲ့ တာဝန်သာ ဖြစ်သင့်တယ်လို့ ယူဆကြပါတယ်။ ရပ်/ကျေး ရွေးချယ်မှုမှာ လူထုအခန်းကဏ္ဍကို အဓိကထားတယ် ဆိုရင်တော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအပေါ်မှာ ထွေ/အုပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို လျှော့ချပြီး ရပ်/ကျေး လူထုအကျိုး သယ်ပိုးမှုကိုသာ ဦးစားပေးခြင်း ဖြစ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ထွန်းဇော်ဌေး

A d v e r t i s e m e n t With Us

More News
Up