A d v e r t i s e m e n t With Us

အစိုးရ၏လိမ်လည်မှုများ ဖွင့်ချခဲ့သည့် The Post ရုပ်ရှင် အော်စကာဆု တင်သွင်းခံရ

ဓာတ်ပုံ - Getty
အစိုးရရဲ့ လိမ်လည်မှုတွေကို သတင်းစာတွေက ဖွင့်ချဖော်ထုတ်ခဲ့တဲ့ အမေရိကန် နိုင်ငံရေး ဇာတ်လမ်းအကြောင်း နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ စတီဗင် စပီးဘတ် ရိုက်ကူးတဲ့ The Post ရုပ်ရှင်ကားဟာ အခုနှစ် အော်စကာဆုစာရင်းမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ မယ်ရိုင်းစထရိ(ပ်) (Meryl Streep) နဲ့ တွမ်ဟန့် (Tom Hanks) တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဝါရှင်တန်ပို့စ် သတင်းစာတိုက်ပိုင်ရှင် ကက်သရင်းဂရေဟမ်အဖြစ် သရုပ်ဆောင်တဲ့ မယ်ရိုင်းစထရိ(ပ်)ဟာလည်း အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အော်စကာဆုအတွက် စာရင်းသွင်းခံထားရပါတယ်။ မယ်ရိုင်းစထရိ(ပ်)က “ကျမ အဲဒီစကားလုံးကို မသုံးသင့်ပါဘူး။ “အာဏာ” ဆိုတဲ့ စကားလုံးပါ။ ဒီကိစ္စက သမိုင်းကို ရွှေ့ခဲ့တဲ့ကိစ္စ၊ သမိုင်းကို ပြောင်းခဲ့တဲ့ကိစ္စပါ။ အဲဒီအချိန်ကာလ စီးပွားရေးလောကမှာလည်း အမျိုးသမီးဦးရေ အလွန်နည်းသလို ဥပဒေလောကမှာလည်း အလွန်နည်းပါတယ်။ တရားရုံးချုပ်မှာဆို အမျိုးသမီးတယောက်မှတောင် မရှိပါဘူး။ အဲဒီကာလမျိုးမှာ အမျိုးသမီးတွေဟာ မမြင်ရတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပြီး သမိုင်းရဲ့ အဓိကအာရုံစိုက်မှုဟာ ဒီအမျိုးသမီးအနည်းငယ်ရဲ့ ပခုံးပေါ်ကို ကျသွားတာ ဖြစ်ပါတယ်” လို့ ပြောလိုက်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၁၉၇၁ ခုနှစ်က ပင်တဂွန်စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို အမေရိကန်သတင်းစာတွေက ရရှိသွားခဲ့ပြီး ဖွင့်ချဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပင်တဂွန်ရဲ့ လျှို့ဝှက်စာတမ်းမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ အမေရိကန် အစိုးရ အဆက်ဆက်ဟာ ဗီယက်နမ်စစ်ပွဲကို အနိုင်မရနိုင်မှန်းသိသိနဲ့ စစ်ရေးလုပ်ငန်းတွေ တိုးချဲ့ခဲ့တယ်ဆိုတဲ့အချက် ပါဝင်နေတာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာတွေက ဖော်ထုတ်ရာမှာ ဝါရှင်တန်ပို့စ် သတင်းစာတိုက်ပိုင်ရှင် ကက်သရင်းဂရေဟမ်ဟာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up