အိန္ဒိယတွင် ဖမ်းဆီးခံရသည့် မြန်မာရေလုပ်သား ၁၈ ဦး ပြန်လည်လွတ်မြောက်လာ

1.2K
ထိုင်းငါးဖမ်းလှေမှာ အလုပ်လုပ်ရင်း အိန္ဒိယရေပိုင်နက်အတွင်း ကျူးကျော်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ကျော် ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၁၈ ဦးကို အိန္ဒိယနိုင်ငံက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဒီရေလုပ်သားတွေကို ဇန်န၀ါရီ ၂၁ ရက်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကတဆင့် လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပြီး လွှဲပြောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကတော့ ဧရာဝတီတိုင်းက ၁၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်က ၂ ဦးနဲ့ ကော့သောင်းက ၄ ဦးတို့ ဖြစ်ပါတယ်။
ကော့သောင်းမြို့နယ်မှ ရေလုပ်သား ၄ ဦးကတော့ ဇန်နဝါရီ ၂၄ ရက်က ကော့သောင်းမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
ပြန်ရောက်လာသူ ကိုသက်နိုင်ဦးက “၂၀၁၅ ဇန်နဝါရီလက ထိုင်းနိုင်ငံပိုင် ငါးဖမ်းလှေတစီးမှာ အလုပ်လုပ်ကိုင် ငါးဖမ်းထွက်ရင်း အိန္ဒိယရေပိုင်နက်အတွင်းမှာ အင်ဂျင်စက် ချို့ယွင်းပြီး ကျူးကျော်မိသလို ဖြစ်သွားတဲ့အတွက် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ကျော် ကျခံခဲ့ကြရပါတယ်။ ၂၀၁၇ ခုနှစ် မေလမှာ လွတ်လာပြီး Open Camp မှာ ၈ လကျော်ကျော်လောက် ယာယီဆက်လက်ထိန်းသိမ်းထားပါတယ်။ မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မိပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့၊ ကလကတ္တားမြို့တွေကနေတဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ပို့ဆောင်ခဲ့ပြီး ကော့သောင်းမြို့ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်တယ်”လို့ ပြောပါတယ်။
အဆိုပါ ရေလုပ်သား ၄ ဦးကို ကော့သောင်းမြို့နယ်မှ တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူတွေက လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သား ၄ ဦးကို ကျန်းမာရေးဦးဌာနက ဆေးဝါးစစ်ဆေး ကုသတာတွေ ဆောင်ရွက်ပေးကြပြီး မိဘဆွေမျိုးတွေဆီကို ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံး ခန်းမမှာ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
သတင်း - လတ်ကိုကိုဦး