ကချင်ဒုက္ခသည်အရေး အနုပညာရှင်များ ပါဝင်ကူညီ
DVB
·
May 7, 2012
ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မမေ့မလျော့ဖို့နဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ အပါအဝင် တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရည်ရွယ်ချက်နဲ့ ဦးရဲလွင်နဲ့ အနုပညာရှင်တွေ ပါဝင်တဲ့ လွတ်လပ်ငြိမ်းချမ်းပန်းရဲလမ်းအဖွဲ့ဟာ ရန်ကုန်မြို့တွင်းက ဆိုင်တွေမှာ သီဆိုဖျော်ဖြေ ရန်ပုံငွေ ရှာဖွေခဲ့ကြပါတယ်။
မေ ၆ ရက်က စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုအတွက် ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင် ၃ ဆိုင်မှာ သွားရောက်ဖျော်ဖြေခဲ့ပြီး ဒီနေ့အထိ ရန်ပုံငွေ ၉ သိန်း ၂ သောင်း ရရှိခဲ့တယ်လို့ ကိုရဲလွင်က ပြောပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒီလှုပ်ရှားမှုကို လုပ်ဆောင်သွားမှာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို ကချင် ဒုက္ခသည်တွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
[caption id="attachment_25012" align="alignleft" width="310" caption="ကိုရဲလွင်"][/caption]
ဒီလှုပ်ရှားမှု လုပ်ဆောင်ရတာနဲ့ ပတ်သက်ပြီး ကိုရဲလွင်က “ကျနော်ကတော့ ရန်ပုံငွေထက် ကချင်ပြည်နယ်ကို သတိမေ့နေတာကို ပြန်ပြီးတော့ သတိပေးလိုက်တဲ့ သဘောပါပဲ။ ရန်ကုန်လောကမှာတော့ လောလောဆယ် နိုင်ငံရေးလောကမှာပဲ နိုင်ငံရေးကိစ္စတွေနဲ့ လွှတ်တော်ကိစ္စတွေနဲ့ အာရုံများနေတော့ ကချင်ပြည်နယ်ကို မေ့နေကြတယ်။ အခုလို ထလုပ်လိုက်တော့ ပရိသတ်ကလည်း လာကူညီမယ်လို့ ကမ်းလှမ်းတဲ့သူတွေလည်း ရှိပါတယ်။ သီချင်းဆိုတာတွေလည်း အထူးခွင့်ပြုချက် တောင်းစရာမလိုဘဲနဲ့ ဆိုလို့ရတဲ့ နည်းလေးတွေ ရွေးတာပေါ့။ ပရိသတ်ကလည်း လက်ခံတဲ့အတွက် အားရပါတယ်။ တဆိုင်မှာ ၅ ပုဒ်လောက်ပဲ ဆိုပေးနိုင်တယ်။ ပထမဆုံးအနေနဲ့ဆိုတော့ ဆိုင်ကို ပရိသတ်များတဲ့အချိန်မျိုးကို ရွေးပြီးတော့ မနက် ၈ နာရီကနေ ၁၁ နာရီထိ လှုပ်ရှားကြတယ်။ ပရိသတ်ကတော့ သူတို့ကြိုက်တယ်ပေါ့။”
ဒီအဖွဲ့မှာ ကိုသားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း) ၊ ကိုအိချို၊ ကိုညီညီလွင်နဲ့ တခြားအဖွဲ့ဝင်တွေ ပါဝင်ခဲ့သလို အနုပညာရှင်တွေလည်း ထပ်မံပါဝင်လာနိုင်တယ်လို့ ပြောပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူးက ဆိုင်တွေကလည်း ကမ်းလှမ်းတာတွေရှိတယ်လို့ ဆိုပါတယ်။
စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကလည်း ဖိတ်ကြားထားတာတွေ ရှိသလို စိတ်ဝင်တစား ပါဝင်လာပြီး အလှူငွေတွေ ထည့်ဝင်ကြတယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ မြန်မာ-တရုတ် နယ်စပ်တလျှောက်နဲ့ တောတွင်းတွေမှာ ပုန်းခိုနေကြရတဲ့အတွက် ထောက်ပံ့ကူညီတာတွေလည်း လိုအပ်နေပါတယ်။