မိတ္ထီလာ ခြေလျင်တောင်တက်အသင်း ဖုန်ကန်ရာဇီရေခဲတောင် တက်မည်

1.7K
မိတ္ထီလာမြို့ ခြေလျင်နှင့်တောင်တက်အသင်းမှ ကချင်ပြည်နယ်ရှိ ဖုန်ကန်ရာဇီ ရေခဲတောင် တက်ဖို့ လမ်းကြောင်းရှာ တောင်တက်အသင်းသား ၂ ဦး ဖုန်ကန်ရာဇီရေခဲတောင်ရှိရာ ပူတာအိုမြို့ကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ ရောက်သွားပြီလို့ မိတ္ထီလာ ခြေလျင်တောင်တက် အသင်း အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဖုန်ကန်ရာဇီ ရေခဲတောင်မှာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်ထဲမှာ ရှိပါတယ်။ အမြင့်ပေ ၁၁၅၀၀ မြင့်ပြီး အမြင့်ပေ ၈၅၀၀ ကျော်မှာ စနိုးနှင်းတွေ စတွေ့မယ်။ အမြင့်ပေ ၁ သောင်းကျော်မှာ ရေခဲတွေ ရှိနေပြီး အတက် ၄ ရက်၊ အဆင်း ၄ ရက်လောက် ကြာနိုင်တယ်လို့ ဆိုပါတယ်။
မိတ္ထီလာ ခြေလျင်တောင်တက်အဖွဲ့ဝင် ဦးအောင်ကြိုင်က “ကလေးအထူးကုဆရာဝန် ဒေါက်တာမြတ်မင်းနဲ့ အသင်းရဲ့အတွင်းရေးမှူးတို့ ၂ ဦး ရေခဲတောင်ရှိတဲ့ ပူတာအိုကို ရောက်သွားပါပြီ။ အသင်းသားတွေ အဲဒီတောင်ကိုတက်ဖို့ လမ်းကြောင်းရှာတဲ့အနေနဲ့ သွားတာပါ။ မနေ့က အောင်နိုင်ရေး အလံပေးအပ်ပွဲနဲ့ အသက် ၇၀ အရွယ် တောင်တက်အသင်းသား ၂ ဦး၊ အသက် ၆၀ အရွယ်၂ ဦး၊ ကျန်းမာရေးမကောင်းပေမယ့် အားမလျော့ဘဲ တောင်တွေ လိုက်တက်နေသူ ၁ ဦးတို့ကို ဂုဏ်ပြုပွဲ လုပ်ခဲ့တယ်” လို့ ပြောပါတယ်။
ဒေါက်တာမြတ်မင်းက “တောင်တက်အသင်းသားတွေ ဒီရေခဲတောင်ကို တက်ရင် လွယ်ကူစေဖို့ လမ်းကြောင်းရှာတဲ့အနေနဲ့ တက်ကြည့်မှာပါ။ တောင်တက်အားကစား လုပ်ခြင်းက အကျိုးရလဒ်အများကြီး ရှိပါတယ်။ အရွယ်မရွေး လုပ်နိုင်တဲ့ အားကစားပါ။ အသင်းသားတွေ နယ်မြေအသစ်ရဲ့ ဗဟုသုတ ရစေချင်ပါတယ်။ အဓိကကတော့ လူငယ်တွေ စိတ်ဝင်စားပြီး လိုက်လုပ်လာရင် မူးယစ်ဆေး ဆိုတဲ့ လမ်းမှားကို မရောက်တော့ဘူးပေါ့” လို့ ပြောပါတယ်။
မိတ္ထီလာ ခြေလျင်တောင်တက်အသင်းကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အမြင့်ပေ များတဲ့ တောင် ၆ တောင်ကျော် တက်ခဲ့ပြီး ဖြစ်ပါတယ်။ အမှုဆောင် ၈ ဦး ပါတဲ့ တောင်တက်အသင်းသား ၁၃၀ ကျော် ရှိနေပါတယ်။
မိတ္ထီလာ ခြေလျင်တောင်တက်အသင်းရဲ့ ဆောင်ပုဒ်က “Love Nature and Leave No Trace.” (သဘာဝပတ်ဝန်းကျင်ကို ချစ်၍ အမှိုက်တစ မကျန်စေရ) ဖြစ်ပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)