Home
ဆောင်းပါး
လယ်ထဲမှာပဲ လည်နေကြတဲ့ တောင်သူလယ်သမားများ
DVB
·
January 25, 2018

မြန်မာ့လယ်ယာစိုက်ပျိုးမှုကို လေ့လာကြည့်ရင် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ဆန်စပါး သီးနှံ ပြောင်း ပဲများ စတင်စိုက်ပျိုးလာခဲ့တာကို တွေ့ရပါတယ်။

ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းလက်ထက် အောက်မြန်မာပြည်ကို အင်္ဂလိပ်များ သိမ်းယူပြီးချိန်မှာတော့ မြန်မာ့ဆန်စပါးက ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို တင်ပို့ ရောင်းချခဲ့ကြတယ်။ ၁၈၆၉ စူးအက်တူးမြောင်း ဖွင့်လှစ်ပြီးချိန်ကစပြီး မြန်မာ့သစ်နဲ့ ဆန်တင်ပို့မှုက အနောက်ဥရောပအထိ ဖြန့်ကြက်နိုင်ခဲ့တယ်။

အင်္ဂလိပ်မင်းများက အောက်မြန်မာပြည်ရဲ့ မြေရိုင်းများကို အိန္ဒိယနိုင်ငံမှ လယ်ကူလီများ ခေါ်ပြီး ဆန်စပါးလုပ်ငန်းကို တွင်ကျယ်စွာ လုပ်လာကြသလို စိုက်ပျိုးမှု ဖြစ်ထွန်းတဲ့ အောက်ပြည်အောက်ရွာကို အထက်အညာဒေသမှ တောင်သူများ ဆင်းလုပ်လာတဲ့အထိ ဖြစ်လာကြပါတယ်။

စပါးအပြီး ဆောင်းသီးနှံနဲ့ ပဲများက ကိုယ့်နိုင်ငံရဲ့ မူရင်းမျိုးစေ့များ ရှိသလို ဘိုစားပဲ၊ မတ်ပဲ စတဲ့ နိုင်ငံခြားက မျိုးပဲတွေကိုလည်း စိုက်ပျိုးလာကြပါတယ်။ နယ်ချဲ့တို့ရဲ့ အခွန် တင်းကျပ်စွာ ကောက်ခံမှု၊ တောင်သူများဆီမှ စပါး ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမား တော်လှန်ရေးတွေ ပေါ်ပေါက်လာခဲ့သလို ဆရာကြီးမောင်ထင်ရဲ့ ငဘ ဝတ္ထုကလည်း ထင်ရှားလာခဲ့ပါတယ်။

ဆန်စပါး

ဖ.ဆ.ပ.လ ခေတ်က တောင်သူလယ်သမားတွေရဲ့ ရွှေခေတ်လို့ ပြောလို့ရသလို ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မ.ဆ.လ အစိုးရက အမတော်ကြေးပေးပြီး မဖြစ်မနေ စပါးကိုယ်တာ ချပေးရတာတွေ ဖမ်းဆီး အရေးယူတာတွေ ရှိတာကြောင့်  ကျီလှန် ပုတ်လှန်ခေတ်လို့ ခေါ်ဝေါ်ကြပါတယ်။

န.ဝ.တ အစိုးရအထိ စပါးကိုယ်တာ ချပေးရတာတွေ ပါလာသေးပါတယ်။ နောက်ပိုင်းတော့ စစ်အစိုးရက ငွေချေးရင် အတိုးနှုန်းနဲ့သတ်မှတ်ပြီး ငွေပဲ ပြန်ဆပ်ရပါတော့တယ်။

ယခင် ၁ ဧက ၂ သောင်းနှုန်း ချေးပေးရာကနေ ယနေ့ ၁ သိန်းခွဲအထိ တိုးမြှင့်ချေးလာကြပါတယ်။ အတိုးက ပြား ၇၀ နှုန်းဖြစ်ပြီး ပုံစံ ၇ တဦးတည်း ပိုင်ဆိုင်ထားသော လယ်သမားအတွက် လယ်ဘယ်လောက်ရှိရှိ ၁၀ ဧကအောက်သာ ချေးပေးနိုင်ပါသေးတယ်။ ဒါက တောင်သူဦးကြီးများရဲ့ ဘဝဖြစ်စဉ်အချိန်ပါ။

ဒီလို ခေတ်အဆက်ဆက် တောင်သူများရဲ့ စိုက်ပျိုးထုတ်လုပ်မှုက ယခုအထိ သမားရိုးကျ စိုက်ပျိုးနည်းတွေနဲ့သာ ရှိနေကြတုန်းပါ။

လယ်တဧကမှာ လယ်ကွက်များစွာ ရှိပါတယ်။

ကျနော်ငယ်ငယ်က တောင်သူအချင်းချင်း လယ်အရောင်းအဝယ်လုပ်ပြီဆို အဖေ့ကို လယ်ဧက လာတွက်ခိုင်းပါတယ်။ သာမန် လေးထောင့်စက်စက် အကွက်ဆို ပြဿနာမရှိ။ တြိဂံအကွက်တွေဆို သေချာတွက်ချက်မှသာ ဧက ထွက်ပါတယ်။

ဒီလို လယ်ကွက်တွေ အများကြီး ဘာလို့ တောင်သူက လုပ်ရလဲဆိုတော့ မြေမညီညာမှုကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့ဆီက လယ်သမားများက သူတို့ပိုင်ဆိုင်တဲ့ လယ်က တနေရာတည်းမှာ တဆက်တည်း ရှိမနေပါဘူး။ ဟိုနား ၂ ဧက၊ ဒီနား ၃ ဧကတွေက များပါတယ်။ မိုးရာသီ လယ်စိုက်ချိန်ဆို အမြဲလိုလို ပြဿနာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ အထက်ကုန်းမြင့်က လယ်သမားက မိုးရွာတဲ့ပေါ် မူတည်ပြီး သူ့လယ်ကို ရေသွင်း ရေထုတ် လိုသလိုလုပ်နေရင် အောက်ဘက်က လယ်သမားက သူ့ထက်စောစော စိုက်လို့ဖြစ်ဖြစ် နောက်ကျစိုက်လို့ဖြစ်ဖြစ် ဟိုတိုင်ကျ ဒီတိုင်ကျနဲ့ ဒီကာလမှာ ကြုံတွေ့နေရတဲ့ ပြဿနာတရပ်ပါ။ တောင်သူများအခြေအနေက တပြိုင်နက် မထွန်ယက်နိုင်တာရယ်၊ ချေးငွေ ဘဏ်ထုတ်ချိန်က လယ်စိုက်ပျိုးပြီးမှ ရတာကြောင့် ငွေကြေး အဆင်မပြေသေးရင် သူများ ထွန်ယက်စိုက်ပျိုးပြီးမှ ကိုယ့်အလှည့်ကျပါတယ်။

ကျနော် တရုတ်ပြည်ရောက်တော့ လယ်ယာစိုက်ပျိုးရေးကို လေ့လာကြည့်မိတယ်။

သူတို့က လယ်တွေကို မြေညှိပြီး ၁၀ ဧက အနည်းဆုံး တကွက် လုပ်ထားပြီး အလယ်မှာ ကန်တခု တူးထားပါတယ်။ ရေကန်အလယ်မှာ ရေလျှံတွင်းတူးထားကာ ၁၂ လရာသီ ရေမပြတ် ရှိနေပါတယ်။ ဒါကြောင့် လယ်ကို ရက်တိုစပါး (ရက် ၁၀၀ စပါး) သုံးသီး စိုက်ပျိုးနိုင်သလို ကန်ထဲမှာလည်း ငါးမွေးမြူနိုင်တယ်။ ကန်အပေါ်မှာက ကြက်ခြံ မွေးမြူရေးပါ တွဲလုပ်နိုင်တာကြောင့် ဒီလယ်ယာမြေနည်းစနစ်က အင်မတန် စနစ်ကျလှပါတယ်။

ဒီ intergrated farming စုပေါင်းလယ်ယာလို့ ခေါ်တဲ့စနစ်ကို ဦးသိန်းစိန် အစိုးရလက်ထက် နေပြည်တော်မှာ လုပ်ဖူးခဲ့ပေမယ့်လည်း အောင်မြင်လာအောင် အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။

နောက် ကျနော်တို့ဆီမှာက အထွက်နှုန်းကောင်းတဲ့ စပါးမျိုး မထုတ်လုပ်နိုင်သေးပါဘူး။ သက်နု ရက်တိုစပါးဆို ပဲခူးတိုင်းအရှေ့မှာတော့ ရေဆင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာန DAR ကထုတ်တဲ့ ဆင်းသုခစပါးကိုသာ အဓိကထား စိုက်နေကြရပါတယ်။ စိုက်ပျိုးရေးဌာနတွေက မျိုးစပါးကို တောင်သူဆီ အပြည့်အဝ မရောင်းပေးနိုင်ပါဘူး။ တောင်သူတွေထဲကပဲ မျိုးစပါးကို စနစ်တကျ ပြန်လည်သန့်စင်ပြီး အချင်းချင်း ပြန်ရောင်းနေရပါတယ်။ စပါးမျိုးတခုကို သုံးသီးထက် ပိုစိုက်ပျိုးပါက စပါးအထွက်နှုန်း ကျပါတယ်။ ဒါကြောင့် နှစ်နှစ်၊ သုံးနှစ် တခါ စပါးမျိုးကို လိုက်လံ ဝယ်ယူနေရတာက တောင်သူတွေရဲ့ နှစ်စဉ်နီးပါး ရင်ဆိုင်နေရတဲ့ ပြဿနာတခုပါ။

ကျနော်တို့ ပဲနွယ်ကုန်းဒေသမှာ ဆင်းသုခစပါး စိုက်ပျိုးကြသလို ဗျော့သုခစပါးကိုလည်း စိုက်ပျိုးကြပါတယ်။ ဆင်းသုခက ရှင်းပါတယ်။ ရေဆင်း သုတေသနက ထုတ်တဲ့ မျိုးစပါးပါ။ ဗျော့သုခ ဆိုတာ အနည်းငယ် ဆန်းပါတယ်။ ဖြူးမြို့နယ် နတ်လောင်းကျေးရွာ တောင်သူ ဦးဗျော့ကြီးက သူ့စိုက်ခင်းထဲက မနောသုခစပါး၊ အထွန်းတွေကို စနစ်တကျ သန့်စင်ထုတ်လုပ်ပြီးနောက် မိုးရာသီမှာ သူ့စပါးမျိုးကို ရောင်းချပါတယ်။ စိုက်ပျိုးကြတဲ့အခါမှာလည်း စပါးအထွက်နှုန်းက ဆင်းသုခစပါးနဲ့ တူပေမယ့် ဗျော့သုခစပါးက အနည်းငယ် အဆန်ပိုထွားပါတယ်။

ဒီစပါးအမျိုးအစား နှစ်ခုလုံးက ၁ ဧကကို ၇၅ တင်း ပတ်ဝန်းကျင်သာ ထွက်ရှိပါတယ်။

စပါးဈေးက ယခုနှစ်မှာ ၅ သိန်းခွဲဆိုတော့ တောင်သူအမြတ်ရတဲ့နှစ်လို့ ပြောလို့ ရပါတယ်။ လယ်တဧကကို မျိုးစပါး ထွန်ယက်ခ၊ စိုက်ပျိုးရိတ်သိမ်းခ၊ မြေသြဇာ၊ ပေါင်းသတ်ဆေး စုစုပေါင်းလိုက်ရင် ၂ သိန်းခွဲလောက် အကြမ်းဖျင်း ကုန်ကျပါတယ်။ စပါးဈေး ၄ သိန်းလောက်သာ ရှိပါက တောင်သူက အရင်းသာသာ ရှိပါတယ်။ ဒါတောင် တောင်သူဦးကြီး မိသားစု ဝင်လုပ်ရတဲ့ စရိတ်မပါသေးပါဘူး။

တရုတ်ပြည်မှာတော့ အထွက်နှုန်း ရာကျော်တဲ့ စပါးတွေ စိုက်ပျိုးနေသလို ထိုင်း(ယိုးဒယား)မှာလည်း ထိုနည်းတူ စိုက်ပျိုးထုတ်လုပ်နေတာကြောင့် ကမ္ဘာ့နံပါတ်တစ် ဆန်တင်ပို့နိုင်သော နိုင်ငံတခု ဖြစ်နေပါပြီ။

ဆယ်စုနှစ်များစွာ ထိုင်းက ဗိုလ်စွဲထားတာ ကြာလှပေါ့။ မြန်မာနိုင်ငံမှာက အဓိက အထွက်နှုန်းကို ဦးစားပေး စိုက်ကြတာ များပါတယ်။

နောက်ပြီး စပါးမျိုးပေါင်း ၁၀၇၄ မျိုး ရှိပြီး နေရာဒေသ မြေအမျိုးအစား တခုတည်းမှာကို စပါးမျိုး ၁၀ မျိုးလောက် စိုက်ကြပါတယ်။

တောင်သူတဦးတည်း အနည်းဆုံး စပါးနှစ်မျိုး စိုက်ကြပါတယ်။ မြေအမျိုးအစားတူ နေရာတခုမှာ စပါးမျိုးတခုတည်းကိုသာ စိုက်ပျိုးကြဖို့နဲ့ မျိုးကောင်းမျိုးသန့် ရဖို့ကိုလည်း စိုက်ပျိုးရေးဌာနက စီမံဆောင်ရွက်ပေးရပါမယ်။

ယခုလက်ရှိအတိုင်း စပါးအမျိုးအစားများစွာ ဆက်လက်စိုက်ပျိုးနေတာကြောင့် အကုန်လုံး ပေါင်းစပ်ကုန်ပြီး အရည်အသွေးမမီလို့ နိုင်ငံခြား ဆန်တင်ပို့ရောင်းချမှု နည်းပါးလာပြီး ဒါကို အကွက်ကောင်း တွေ့ထားတဲ့ ခရိုနီ လုပ်ငန်းရှင်များက ဆန်စပါးဈေးကို လိုသလို ကစားနေတတ်ကြပါတယ်။ တရုတ်ပြည် ဆန်တင်ပို့ ရောင်းချမှုတွေဟာ အစိုးရက သူ မနိုင်လို့ လွှတ်ထားရတဲ့ အကြီးစား ဆန်မှောင်ခိုဈေးကွက်ကြီး တခုပါ။

တောင်သူတဦး ပြောသလို ကြက်ဆူပင် စီမံကိန်းကြီးတောင် မိမိအိမ်ရှေ့နဲ့ ဌာနဆိုင်ရာများ စာသင်ကျောင်းများမှာပါ မစိုက်မနေရ စီမံကိန်းတွေ လုပ်လာခဲ့ကြသေးတာပဲ။ တောင်သူများရဲ့ ဘဝတိုးတက်ပြောင်းလဲဖို့ နိုင်ငံတော်အနေနဲ့ စီမံကိန်းတခု သေချာစီစဉ်ပြီး လုပ်ပေးသင့်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူ့အစိုးရအနေနဲ့ လယ်သမားအရေးကို စစ်အစိုးရလက်ထက် လယ်ယာအသိမ်းခံရတာတွေ ဖြေရှင်းပေးနေရင်း တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုက အောက်ခြေအထိဆင်းပြီး စီမံကိန်းများ ဆောင်ရွက်စေကာ ဆန်စပါး ဈေးကွက်စီးပွားရေးကို စနစ်တကျ သက်မှတ်ဆောင်ရွက်ပေးသင့်ပါတယ်။

မြန်မာ့လယ်ယာမြေများက အဆိုးထဲက အကောင်းလို့ ပြောရမလားပဲ။ စိုက်ပျိုးရေး ပိုးသတ်ဆေး သုံးစွဲမှုတွေက ပြည်တွင်းထုတ်များကို သုံးစွဲကြသလို ထိုင်းကလာတဲ့ ပိုးသတ်ဆေး အပင်၊ အသီး အားဆေးနဲ့ ပေါင်းသတ်ဆေးတွေကို သုံးနေကြပါတယ်။

ပြည်တွင်းထုတ်များက မြန်မာစာ သုံးစွဲအညွှန်း ပါပေမယ့် ထိုင်းထုတ်များကတော့ ဆိုင်က ပြောလိုက်တဲ့အတိုင်း ဆေးဖျန်းပုံး တပုံးကို ဘူးအဖုံးနဲ့ ဘယ်နှဖုံးထည့် ဆိုတာနဲ့တင် တောင်သူတွေ သုံးစွဲနေကြတာပါ။ ဆေးကတော့ အင်မတန်စွမ်း ကောင်းတယ် ပြောကြပါတယ်။ အလွန်အကျွံသုံးလာရင် မြေယာပျက်စီးလာမှာကို တောင်သူတို့ မတွက်ကြပါ။ သို့သော် မြန်မာတောင်သူများ လက်ထဲမှာ စက်ယန္တရားတွေ ရောက်ရှိလာသလို အနည်းဆုံး တောင်သူ ၇၅ ရာခိုင်နှုန်းမှာ ကျွဲ နွား တရှဉ်း ကျန်ရှိနေသေးတာကြောင့် ကျွဲ၊ နွား ချေး ရနေကြလို့ မိုးမကျခင်မှာ မိမိတို့ လယ်မြေထဲကို သဘာဝမြေသြဇာ ချပေးနိုင်ကြသေးတာက မြေဆီအတွက် ကံကောင်းခြင်းလက်ဆောင်လို့ ပြောလို့ရပါတယ်။

တရုတ်ပြည်မှာ တိရစ္ဆာန်မစင် နည်းပါး မလုံလောက်တာကြောင့် လူတွေသုံးတဲ့ အိမ်သာ Service ကန်မှတဆင့် သဘာဝမြေသြဇာ (Nice Soil) သုံးစွဲနေရပါတယ်။ ကျနော် တရုတ်နိုင်ငံ သင်္ဘောကျင်းတခုရဲ့ လုပ်ငန်းခွင်ထဲကို ၂၀၀၉ ခုနှစ်မှာ ရောက်ရှိတုန်းက အများသုံးအိမ်သာတွေကို သွားရောက်တက်ခဲ့ပါတယ်။ အဆောက်အအုံ အတန်းရှည်လေး တခုမှာ ထိုင်လိုက်ရင် ခေါင်းပေါ်နေတဲ့ အိမ်သာတံခါးနဲ့ ရေလောင်းစရာမလိုတဲ့ တိုးလျှိုးပေါက် ကွန်ကရစ်မြောင်းထဲ မစင်စွန့်ရပါတယ်။ အတော်တော့ ညစ်ပတ်တယ်။ ဒါနဲ့ အိမ်သာက ပြန်ထွက်လာပြီး သေချာလေ့လာကြည့်တော့ တဖက်ထိပ်က အိမ်သာအခန်းကနေ ကွန်ကရစ်မြောင်းကို ခပ်မြင့်မြင့်လုပ်ထားပြီး အောက်ဘက် အိမ်သာတွေကနေ Service ကန်ထဲအထိ ခပ်နိမ့်နိမ့် လုပ်ထားပါတယ်။ အဲဒီနားက လုံခြုံရေး အလုပ်သမားက အလုပ်သမား နားနေ စားသောက်ချိန်ပြီး အိမ်သာတက်သူ များလာရင် အိမ်သာရဲ့ အပေါ်ထိပ် ရေဘားကြီး တခုကနေ ရေတွေ လောင်းချပြီး Service ကန်ထဲ အရောက်သန့်ရှင်းပါတယ်။ တနေ့တခါ မိလ္လာသယ်တဲ့ကား လာပါတယ်။ တကယ့် recycle အမှန်အကန် ပါလားဆိုပြီး ပြုံးမိပါတယ်။ (ယခုအခါ လူမစင်မှရသော မြေသြဇာ Nice Soil က Virus တွေ ပါလို့ အသုံးပြုမှု ရပ်ထားပါတယ်လို့ သိရပါတယ်။)

စပါးအထွက်နှုန်းကောင်းရေး၊ ဈေးကွက်စီးပွား ကျယ်ပြန့်ရေးက အစိုးရတဦးတည်း ကြိုးစားနေလို့ မရပါဘူး။ တောင်သူတွေပါမှ ဝိုင်းလုပ်ကြမှ ရမှာပါ။ ပြည်သူ့အစိုးရအနေနဲ့လည်း ယခုလုပ်ဆောင်ချက်တွထက် ကျယ်ပြန့်အောင် လုပ်စေချင်တယ်။ စီမံကိန်းတွေ၊ စက်ယန္တရားတွေ၊ စပါးအထွက်တိုးရေး၊ မျိုးစပါးနဲ့ အထွက်နှုန်းများကို လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ နေရာတကာ ကုမ္ပဏီတွေချည်း အားကိုးနေလို့ မရဘူး။ အစိုးရနဲ့ တောင်သူ ပူးပေါင်းဆောင်ရွက်လို့ အောင်မြင်လာရင် စီးပွားရေးသမားများက ထိုင်ကြည့်မနေပါဘူး။ နိုင်ငံရဲ့ အသေးစား၊ အလတ်စား လုပ်ငန်းများနဲ့ စိုက်ပျိုးရေးလုပ်ငန်းများကို အစိုးရမှ ၅ နှစ်တန်သည်၊ အောင်မြင်မှု ဦးဆောင်နိုင်မှသာလျှင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ဝင်လာမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းနှစ်အတွင်းမှာတော့ အစိုးရ ငွေကြေးဆုံးရှုံးနိုင်တာကို ခံနိုင်ရပါမယ်။ စိုက်ပျိုးရေး အောင်မြင်မှု နောက်ပိုင်းမှာတော့ အခွန်စည်းကြပ်မှုများနဲ့ ဘတ်ဂျက်ဝင်ငွေ အဆင်ပြေ ချောမွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒီစီမံကိန်းများကိုလည်း တောင်သူများအနေနဲ့ တတပ်တအား ပါဝင်ဖို့ လိုပါတယ်။

စစ်အစိုးရလက်ထက် စီမံကိန်းများစွာ၊ လယ်သိမ်း၊ မဖြစ်မနေစိုက် စတဲ့ နစ်နာမှုတွေ အထိအခိုက် များလာတော့ တောင်သူ နားလည်လာအောင် ရှင်းပြ ပြောဆိုရမှာက အစိုးရ ဌာနဆိုင်များရဲ့ ကြိုးစားမှု ပြယုဂ်ပါပဲ။

ရေအားလျှပ်စစ်စီမံကိန်းများရဲ့ ဆည်ရေလှောင်တမံများ အနီးအနားက ဒေသ အတော်များများက ရေပေးဝေရေး ရေတံခါးတွေလုပ်ပြီး စစ်အစိုးရလက်ထက်က စီမံကိန်းတွေ အထပ်ထပ်ချပြီး လုပ်လာကြတာ အောင်မြင်မှု မရှိသလောက်ပါပဲလို့ ဆိုလို့ရပါတယ်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းက လယ်သမားကို နွေစပါးစီမံကိန်း ချမှတ်ပြီး လယ်တွေသိမ်းကာ မြောင်းတွေတူး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ တောင်သူများကလည်း မပြောရဲ မဆိုရဲ အချိန်ဆိုတော့ စီမံကိန်းအတိုင်း နွေစပါး စိုက်ပျိုးကြပါတယ်။ နွေရာသီ အချိန်အခါ ဆည်မှာ ရေထိန်းသိမ်းရတဲ့အချိန် ရေတံခါးများကလည်း စနစ်တကျ ရေလွှတ်ပေးမှု မရှိတော့ တောင်သူများအခေါ် စပါးအတွက် နောက်ဆုံး အောက်ရေ လိုနေချိန်မှာ ရေက မလုံလောက်တော့တာကြောင့် စပါးအထွက်နှုန်းတွေ ကျလာပြီး နှစ်နှစ်လောက် စိုက်ပျိုးပြီးချိန်မှာ ဈေးကောင်း အလုပ်ရှုပ်သက်သာတဲ့ မတ်ပဲကို စိုက်လာကြပါတယ်။ ရေမြောင်းနေရာ အသိမ်းခံရတဲ့ လယ်သမားကလည်း ပြန်လည်း မဖို့ရဲ။ ဒီအတိုင်း မြေအနိမ့်ထဲမှာ ရသလို ပဲစိုက်နေကြပါတယ်။ အဲသလို ၁၅ နှစ်ကျော် ဖြတ်သန်းလာပြီးချိန်  ယနေ့ မတ်ပဲဈေး မကောင်းတော့ချိန်မှာတော့ တောင်သူအများစုက နွေစပါး ပြန်လုပ်လာချင်ကြတယ်။ အဲဒီမှာ ပြဿနာက စတာပါပဲ။ ရေသွယ်မြောင်း ဖောက်တုန်းက အသိမ်းခံ လယ်သမားက ပဲစိုက်ချင်တယ်။ တောင်သူအချို့ကလည်း ပဲ ပဲ ထပ်စိုက်ချင်သူတွေနဲ့ သူ့ထက်ငါ သက်ဆိုင်ရာ ဌာနဆိုင်ရာကို တင်ပြတော့ သူတို့အဖြေက သိပ်ရိုးရှင်းပါတယ်။ ခင်ဗျားတို့အချင်းချင်း အဆင်ပြေအောင် ညှိပါ။ ကျုပ်တို့က ရေလွှတ်ပေးဆို အထက်ကို တင်ပြပြီး လုပ်ပေးလိုက်ရုံပဲ ဆိုတော့ နောက်ဆုံး စီမံကိန်းများက စနစ်မကျမှုတွေက တောင်သူအချင်းချင်း၊ အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းကြတာနဲ့ အတူတူဖြစ်ပါတယ်။ အဲဒီတုန်းက စီမံကိန်းတွေက အကျိုးဖြစ်ထွန်းသူ တောင်သူက ၁၀ ရာခိုင်နှုန်း မပြည့်ပါဘူး။ တကယ်အကျိုးအမြတ် ရသွားတာကတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ စီမံကိန်းလုပ်လိုက်ရတဲ့ အထက်အရာရှိများကနေ အောက်ခြေဝန်ထမ်းအထိပါပဲ။ ကျနော့်ကိုယ်တွေ့ပါ။ ဘိလပ်မြေ၊ သံချောင်း၊ အုတ်၊ သဲ၊ ကျောက် ကားက စီမံကိန်းလုပ်တဲ့ဆီ အပြည့်အဝ မရောက်ဘဲ လမ်းခုလတ် ပျောက်သွားတာတွေ အများကြီးပါ။ ပဲခူးရိုးမပေါ်က ရေလှောင်တမံများ၊ ဆည်များ စီမံကိန်း စချိန်ကဆို ဒီဇယ်တွေက ရန်ကုန် သာကေတဆိပ်ကမ်းက လာတာ မဟုတ်ပါဘူး။ ရိုးမနဲ့ အနီးစပ်ဆုံး ဖြူး၊ ညောင်ပင်သာကနေ ဒီဇယ်ဆီတွေ ထွက်နေတာပါ။ မြေလတ်ပိုင်းကလို ရေနံတွင်းရှိလို့တော့ မဟုတ်ပါဘူး။ ပဲခူးရိုးမက စီမံကိန်းတွင်းတွေကနေ ထွက်ရှိနေတာပါ။ နောက်ကြောင်းပြန် အရေးယူလိုက်ရင်ဖြင့် အင်းစိန်ထောင်ထဲ လူအတော်စည်ကားနေမှာပဲလို့ တွေးကြည့်မိတယ်။

ပြည်သူ့အစိုးရက ဆန်စပါး စိုက်ပျိုးစီမံကိန်းတွေ ချမှတ်ရာမှာလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောသမမွှေချပေးလို့ မရပါဘူး။ တိုင်းဒေသကြီး ပြည်နယ်အလိုက် စီမံကိန်း ချမှတ်ရမှာပါ။ ဥပမာ ပဲခူးတိုင်းအတွင်းဆို အနောက်ခြမ်းက မြို့နယ်အချို့နဲ့ အရှေ့ခြမ်းက သနပ်ပင်၊ ကဝမြို့နယ်များက ရေကြီးကွင်းတွေ ရှိနေတဲ့အတွက် စပါးအမျိုးအစား စိုက်ပျိုးမှု နည်းစနစ်တမျိုးနဲ့ စီမံကိန်းချမှတ်ရမှာပါ။ ဒီအတွက် ကွင်းဆင်းစစ်ဆေးရာမှာ စိုက်ပျိုးရေးဌာန ဝန်ထမ်းအင်အား အလုံအလောက် ရှိနိုင်ပါတယ်လို့ ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၀၄ ခုနှစ် လယ်/ဆည်ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး လက်ထက်မှာ စိုက်ပျိုးရေးဌာန ဝန်ထမ်းအင်အား များနေလို့ဆိုပြီး ပြည်ထဲရေးအောက်က အုပ်ချုပ်ရေးဌာနကို လူအတော်များများ ပို့လွှတ်လိုက်ပါတယ်။ မပြောင်းချင်သူက ထွက်ကြ၊ ပြောင်းကြတဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေကလည်း လဆန်းနဲ့ လကုန်ရက်များမှသာ ဝတ်ကျေတမ်းကျေ ရုံးတက်ကြပါတယ်။ နောက်ပိုင်း နှစ်အတော်ကြာမှ မိခင်ဌာနကို ပြန်ပို့ပေးကြပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးဌာနမှာ ဝန်ထမ်းအင်အား လုံလောက်မယ်လို့ ခန့်မှန်းမိပါတယ်။

ပဲနှင့် ဆောင်းသီးနှံ ယနေ့တောင်သူများရဲ့ စိုက်ပျိုးမှုသီးနှံကို ပြန်လည်လေ့လာကြည့်ရင် မိုးရာသီ စပါးကလွဲလို့ ဆောင်းသီးနှံ စိုက်ပျိုးမှုက ကြုံသလို စိုက်နေကြရပါတယ်။ ၂၀၁၇ ကစပြီး မတ်ပဲကို အိန္ဒိယက အကန့်အသတ်နဲ့ ဝယ်တော့မယ်ဆိုတော့ မတ်ပဲဈေးက သုံးတင်းကို ခြောက်သောင်းဝန်းကျင်သာ ရှိပါတော့တယ်။ မြန်မာနိုင်ငံ နိုင်ငံခြားပဲ တင်ပို့ရောင်းချမှုက အိန္ဒိယကို ၅၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

၁၉၉၀ နောက်ပိုင်းက စပြီး မတ်ပဲဈေးက ကောင်းလာတဲ့အတွက် စပါးရိတ်သိမ်းပြီးတာနဲ့ တောင်သူအများစုက ပဲအတွက် ရာသီဥတု အချိန်နဲ့တပြေးညီ စိုက်ပျိုးဖို့ ပြင်ဆင်ရပါတယ်။ ကောက်လှိုင်းစပါးများကို လယ်ကန်သင်းတွေပေါ် ထားကြ၊ တလင်းထဲမှာ ကောက်စိုက်ပုံ လုပ်ထားကြနဲ့ စပါခြွေတဲ့ဘက် မလှည့်နိုင်သေးဘဲ ပဲအတွက် ဇယ်စက်သလို လုပ်ကြရပါတယ်။

ဟိုးယခင် ၂၀ ရာစုခေတ်မှာတော့ တောင်သူများက မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲဒီရွှေဝါ၊ ကုလားပဲ စတဲ့ ပဲမျိုးစုံကြတဲ့အပြင် ဆီထွက်သီးနှံများဖြစ်တဲ့ နေကြာ၊ နှမ်း၊ မြေပဲတွေကိုလည်း စိုက်ကြပါတယ်။ နောက်ပိုင်းမှာတော့ တောင်သူအများစုက ရာသီဥတုဒဏ် ခံနိုင်သော၊ အလုပ်ရှုပ် သက်သာသော၊ ဈေးကောင်းရသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများကိုသာ အဓိက စိုက်ပျိုးလာကြပါတယ်။ ဒီအထဲမှာ မတ်ပဲကတော့ ပိုးသတ်ဆေး၊ အသီး အပင် အားဆေးကောင်းကောင်း ဖျန်းနိုင်ရင် တောင်သူတွေအတွက် ငွေပိုကျန်တာမို့ အစိုက်များလာပါတယ်။ မတ်ပဲ စိုက်ပျိုးကုန်ကျစရိတ်က ထွန်ယက်စိုက်ပျိုး ပဲရိတ်သိမ်းပြီးချိန်အထိ ၅ သောင်းနဲ့ ၁ သိန်းကြားဝန်းကျင်သာ အများဆုံး ကုန်ကျပါတယ်။

အောက်ပြည်ဒေသမှာ ဆီထွက်သီးနှံ စိုက်ပျိုးသူ တောင်သူ မရှိသလောက် ဖြစ်လာတာကြောင့် ဆီစက်အတော်များများက ပိတ်လာရကြသလို အထက်အညာဒေသမှ ကုန်ကြမ်းများဝယ်ပြီး ကြိတ်နေရတဲ့ ဆီစက်တွေလည်း ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတွေ ကျဆင်းနေတာကြောင့် သီးနှံအစားထိုး စိုက်ပျိုးဖို့ အစိုးရနဲ့ ပဲလုပ်ငန်းရှင်များက တိုက်တွန်းကြပါတယ်။

ဒါပေမယ့် တောင်သူများအနေနဲ့ သီးနှံပြောင်းစိုက်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။

ကိုယ့်ဒေသ မြေအနေအထား၊ ရာသီနဲ့ကိုက်ညီတဲ့ သီးနှံ၊ လက်လှမ်းမီ ဝယ်လို့မရတဲ့ မျိုးစေ့အနေအထားတွေကြောင့် သီးနံှံပြောင်းစိုက်တာ တခုတည်း တောင်သူကို တိုက်တွန်းလို့ မရပါဘူး။ အစိုးရ အကူအညီပါမှသာ သီးနှံပြောင်းလဲ စိုက်ပျိုးနိုင်မှာပါ။

ရာသီဥတု ကောင်းမွန်တာရယ်၊ နည်းစနစ် ပြောင်းလဲစိုက်လာကြတာရယ် မျိုးကောင်းမျိုးသန့် အသုံးပြုလာကြတာရယ်ကြောင့် အိန္ဒိယက မြန်မာနိုင်ငံမှ ပဲဝယ်ယူမှုကို ကန့်သတ်ချက် သတ်မှတ်လိုက်တာပါ။ ယခင် ၁၀ စုနှစ်များက မတ်ပဲ တတင်းကို လေး ငါးသောင်း ဝန်းကျင် ရှိလာရာမှ အခုဆို ၂ သောင်းကျော်ကျော်သာ ရှိပါတော့တယ်။

ပဲနွယ်ကုန်းဒေသအနားက ပျဉ်းမပင်ကျေးရွာမှာဆို သူ့နောက်က လယ်ကွင်းတွေက တကယ့်ရေကြီးကွင်းတွေပါ။ မိုးစပါး စိုက်ပျိုးလို့ရတာ လယ်မြေအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကျန်တဲ့ လယ်မြေတွေက မတ်ပဲ တမျိုးတည်းကိုသာ အားကိုး စိုက်ပျိုးနေကြရတာပါ။ စပါးရိတ်သိမ်းချိန် မစောင့်ရတဲ့အတွက် ပဲကို ဆောလျင်စွာ စိုက်ရတာကြောင့် သူတို့လယ်မြေများက ပဲအထွက်နှုန်း ကောင်းကြပါတယ်။ တဧကကို အနည်းဆုံး တင်း ၂၀ ကျော် အထက်မှာ ထွက်ရှိကြပါတယ်။

အဲဒီအရဆို တနှစ်မှာ တသီးသာ စိုက်ပေမယ့် နှစ်သီးစိုက် တောင်သူထက် ပိုအကျိုးအမြတ် ရှိပါတယ်။ အခု သူတို့ မတ်မဲဈေးက မကောင်းတော့ ရုတ်တရက် သီးနှံပြောင်းပြီး မစိုက်ရဲကြသေးပါဘူး။ ပဲဈေး ရသလောက်နဲ့သာ ၂၀၁၈ အတွက် ထပ်စိုက်နေကြပါတယ်။

နည်းပညာတတ်ကျွမ်းမှုနဲ့ အထူးဂရုတစိုက် လုပ်ကိုင်စိုက်ပျိုးရတဲ့ သခွားမွှေး၊ ဖရဲ၊ ခရမ်းချဉ်သီး စတဲ့ ဆောင်းသီးနှံများက တရုတ်ဈေးကွက်ကို အားထားနေရတာ တကြောင်း ပြည်တွင်းဈေးကွက် မရှိတာရယ်ကြောင့် ပဲခူးတိုင်း၊ ပြွန်တန်ဆာ ဘိုင်းနား ညောင်လေးပင်ဒေသ ပတ်ဝန်းများမှာသာ စိုက်ပျိုးကြသူ များကြပါတယ်။

နောက်ဆုံး ခြုံငုံသုံးသပ်ရရင် တောင်သူလယ်သမားများအနေနဲ့ စပါးအထွက်နှုန်း ကောင်းဖို့ ပြည်ပဝယ်လိုအားအတွက် အရည်အသွေးမီဖို့အတွက် ရှေးရိုးစွဲ စိုက်ပျိုးနည်းများအတိုင်း မသွားဘဲ အစိုးရနှင့်အတူ မိမိတို့ တောင်သူအချင်းချင်း ညိနှိုင်းပေါင်းစပ် လုပ်ကိုင်မှသာလျှင် တောင်သူလယ်သမားများဘဝ လယ်ဆိုတဲ့အတိုင်း လည်မနေဘဲ အောင်မြင်တိုးတက်လာမှာ။ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်လာရင်တော့ ဆရာကြီးဦးအောင်သင်း ပြောသလို ကျုပ်တို့လယ်သမားတွေက ဖင်ထဲ ရွှံ့တခွဲသား ဝင်အောင် လုပ်နေလည်း တိုးတက်မှုက တိုင်းတပါးနဲ့ယှဉ်ရင် နှောင့်နှေးနေဦးမှာပါပဲ။

အစိုးရကလည်း တတ်သိပညာရှင်များ ဖိတ်ခေါ်လျက် စနစ်တကျ လေ့လာဆန်းစစ်မှုများကို အောက်ခြေ တောင်သူလယ်ယာများအထိ ဆင်းပြီး လက်တွေ့ လေ့လာသင့်ပါတယ်။ ဖ.ဆ.ပ.လခေတ်က ဗထူးတပ်မြို့အတွက် အစ္စရေးက စိုက်ပျိုးရေးပညာရှင်တွေ ခေါ်ပြီး စိုက်ကြပျိုးကြ လုပ်ကြသတဲ့။ ဒါပေမယ့် စာချုပ်နှစ်မပြည့်ခင် ခြောက်လလောက်နေတော့ ဒီပညာရှင်တွေက အကုန်ပြန်သွားကြတယ်။ ဘာပြဿနာရှိလို့လဲ အစိုးရက မေးတော့ မင်းတို့ မြန်မာနိုင်ငံက ဘာစိုက်စိုက် ရနေတဲ့မြေ ပိုင်ဆိုင်ထားတာ ငါတို့ မလိုဘူးဆိုပြီး နိုင်ငံခြား ပညာရှင်တွေ ပြန်သွားဖူးတယ်လို့ ကြားသိ မှတ်သားခဲ့ရပါတယ်။ အဲဒီသဲကန္တာရထဲက အစ္စရေး ဂျူးတွေကတော့ ကမ္ဘာမှာ ပန်းစိုက်ပျိုး တင်ပို့မှု နံပါတ် ၁ ဖြစ်နေပါပြီ။

ဒါတောင် ပူပြင်းခြောက်သွေ့သော သဲကန္တာရထဲမှာ နည်းစနစ် လေ့လာဆန်းစစ်မှုတွေနဲ့ စိုက်ကြတာပါ။ ကျနော်တို့ မြန်မာနိုင်ငံ ဘာလို့ မလုပ်နိုင်ရမှာလဲဗျာလို့ မချင့်မရဲဖြစ်ရင်း။

မြန်မာ့လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ပါစေ။

ဗိုလ်သူရိန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024