လစ်ဗျားတွင် ကားဗုံး ၂ လုံး ပေါက်ကွဲ၊ အနည်းဆုံး ၂၂ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
1.1K
လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဘန်ဂါဇီမြို့မှာ ဇန်နဝါရီ ၂၃ ရက်နေ့က ကားဗုံးနှစ်လုံး ပေါက်ခဲ့လို့ အကြီးတန်း လုံခြုံရေးတွေ အပါအဝင် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ဒဏ်ရာရခဲ့တယ်လို့ လစ်ဗျားအာဏာပိုင်တွေက ပြောပါတယ်။
ပထမပေါက်ကွဲမှုဟာ မြို့လယ်ပိုင်းမှာရှိတဲ့ အယ်လ်ဆလ်မန်နီ ခရိုင်ထဲက ဗလီတလုံးမှာ ညနေခင်း ဝတ်ပြုသူတွေ အိမ်ပြန်ချိန် ဖြစ်ခဲ့တာပါ။
အဲဒီနောက် ၁၀ မိနစ်လောက်အကြာမှာ အခင်းဖြစ်ပွားတဲ့နေရာကို လုံခြုံရေးနဲ့ ကျန်းမာရေး အရာရှိတွေ ရောက်လာချိန်မှာ လမ်းတဖက်မှာ ရပ်ထားတဲ့ မာစီဒီးကားမှာ ထောင်ထားတဲ့ဗုံးတလုံး ထပ်ပြီး ပေါက်ကွဲခဲ့တာပါ။
ဒုတိယတကြိမ်ပေါက်တဲ့ဗုံးကြောင့် လူနာတင်ယာဉ်ကို ထိပြီး သေဆုံး ဒဏ်ရာရသူ မြင့်တက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဗုံးကြောင့် သေဆုံးသူတွေထဲမှာ စစ်သားနဲ့ အရပ်သားတွေလည်း ပါဝင်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ဘန်ဂါဇီမြို့ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် နှောင်းပိုင်းအထိ သုံးနှစ်ကျော်ကြာ ကာလအတွင်း အခုလို ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိတဲ့နေရာ ဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဘန်ဂါဇီမြို့ဟာ မြို့အရှေ့ပိုင်း အခြေစိုက်တပ်မှူး ခါလီဖာဟက်ဖ်ထာနဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေ၊ တခြားပြိုင်ဘက်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာလည်း ဖြစ်ပါတယ်။
ဒီပဋိပက္ခနှောင်းပိုင်းမှာ ဟက်ဖ်ထာရဲ့ လစ်ဗျားအမျိုးသားတပ်မတော်နဲ့ ဆက်နွှယ်တဲ့ အရာရှိတွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။