တိုင်းရင်းသား၂ ဖွဲ့ အပစ်ရပ် လက်မှတ်ထိုးမည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာချုပ်တို့ ကြိုဆို

မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်ရေးထိုးတော့မယ့်အပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ကြိုဆိုလိုက်ပါတယ်။ တပ်မတော်ရဲ့ အပြင်းပြဆုံးဆန္ဒဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးပဲ ဖြစ်တယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတဲ့အကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဇန်န၀ါရီ ၂၃ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးမယ်လို့ ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ တွေ့ဆုံပြောခဲ့တာဖြစ်ပြီး  NMSP (မွန်)အဖွဲ့အနေနဲ့ အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးက တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  လက်တွဲလုပ်ဆောင်ဖို့အသင့်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း သံသယမရှိဘဲ ယုံယုံကြည်ကြည် ဆောင်ရွက်စေလိုတယ်လို့ ဆိုပါတယ်။ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ကတော့ သူတို့အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့ ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့မှုတွေအပေါ် လက်ခံသင့်တယ်လို့ ယူဆပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ မွန်ပြည်သစ်ပါတီနဲ့အတူ အန်စီအေ လက်မှတ်ထိုးမယ်လို့ ကြေညာခဲ့တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေဆုံရာမှာတော့ ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေနဲ့  အန်စီအေလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ လားဟူဒီမိုကရက်တစ်အစည်းအရုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်မှုအတွက် ကြိုဆိုကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေမှုနဲ့  တပ်မတော်က ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေတွေ လားဟူ တိုင်းရင်းသားတွေအတွက် ဒေသဖွံ့ဖြိုးရး၊ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေးဆိုင်ရာ ကိစ္စတွေ တပ်မတော်က ကူညီပေမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မနေ့က နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်သစ်ပါတီနဲ့ လားဟူလက်နက်ကိုင်အဖွဲ့တို့ အန်စီအေလက်မှတ်ထိုးမယ့်ကိစ္စ ဝမ်းသာကြိုဆိုတဲ့အကြောင်းနဲ့ ပြည်ထောင်စုသားအားလုံးကလည်း ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်ကြလိမ့်မယ်လို့ ပြောပါတယ်။ “ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် တဆင့်ပြီးတဆင့် သွားရပါတယ်။ အဆင့်တိုင်း အဆင့်တိုင်းဟာ ကျမတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ ဒီလို ကျမတို့ရဲ့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက်၊ ပြည်ထောင်စုတွင်းမှာ ငြိမ်းချမ်းမှုရရှိရေးအတွက် ငြိမ်းချမ်းမှုကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကူညီပေးတဲ့ ကျမတို့ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ မွန်တိုင်းရင်းသားများ၊ လားဟူတိုင်းရင်းသားများကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျမတို့အတွက်တင် လုပ်နေတာ မဟုတ်ပါဘူး။ နောင်လာနောက်သားများ အားလုံးအတွက် လှမ်းနေတဲ့ ခြေလှမ်းတွေလို့ ယုံကြည်ပါတယ်။” မွန်ပြည်သစ်ပါတီ NMSPနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ မကြာခင် ပါဝင် လက်မှတ်ထိုးမယ်လို့ ဇန်န၀ါရီ ၂၃ ရက်က ပူးတွဲ ကြေညာခဲ့ပါတယ်။ ဒီတပ်ဖွဲ့နှစ်ခုက အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့အတွက် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ ၇ ခုနဲ့ ယူအန်အက်ဖ်စီအဖွဲ့ဝင် တပ်ဖွဲ့ ၂ ခုတို့ အပစ်ရပ်လက်မှတ်ထိုးဖို့ ကျန်ရှိနေပါတယ်။ ဓာတ်ပုံ - Cincds

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up