အမေရိကန် အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး

1.1K
အမေရိကန်နိုင်ငံ၊ ကန်တက်ကီပြည်နယ်က အထက်တန်းကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ခဲ့လို့ ၂ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုဟာ ဘန်တန်မြို့က မာရှဲကောင်တီ အထက်တန်းကျောင်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တာပါ။
အသက် ၁၅ နှစ်အရွယ် ကျောင်းသားတဦးက ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲက သူ့ကို ဖမ်းဆီးခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရသူတွေဟာ ကျောင်းသားလူငယ်တွေဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူ ၅ ဦးရှိနေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သေနတ်သမားဟာ ကျောင်းထဲက ကျောင်းသားတွေ အားလပ်ချိန် နေလေ့ရှိတဲ့နေရာကို ဝင်လာပြီး ပါလာတဲ့ ပစ္စတိုသေနတ်နဲ့ ကျောင်းသားတွေကို ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ဒေသခံမီဒီယာတွေကို ပြောပါတယ်။
ဒီဖြစ်ရပ်ကို ဘာကြောင့်ကျူးလွန်တယ် ဆိုတာကိုတော့ အာဏာပိုင်တွေက မှတ်ချက်မပေးထားသေးပါဘူး။
သေနတ်သမားဟာ သူပစ်ခတ်ခဲ့တဲ့ ကျောင်းသားတွေနဲ့ သိကျွမ်းဖူးတာရှိမရှိ ဆိုတာကိုလည်း မသိရသေးပါဘူး။
သေနတ်သမားဟာ ပစ်ခတ်မှုကို တဦးတည်း ကျူးလွန်ခဲ့တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
သေနတ်သမားဟာ လူသတ်မှု ၂ ခုနဲ့ တရားစွဲခံရနိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။