A d v e r t i s e m e n t With Us

ဆွစ်ဇာလန်တွင် နှင်းထုပြိုကျမည့်အန္တရာယ် သတိပေးချက် ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ စိန့်အန်ထော်နီယိုမြို့ အပါအဝင် မြို့အတော်များများမှာ နှင်းမုန်တိုင်းကြောင့် နှင်းထုပြိုကျနိုင်တဲ့ အန္တရာယ် သတိပေးချက်ကို အာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်အတွင်း ကျခဲ့တဲ့ နှင်းထုဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အထူဆုံးလို့ ဒေသခံတွေက ပြောပါတယ်။ စိန့်အန်ထော်နီယိုမြို့ဟာ ဒါဗို့စ် အပန်းခြေစခန်းကနေ ၃၂ ကီလိုမီတာအကွာမှာ ရှိတာပါ။ နှင်းမုန်တိုင်းဟာ ကားလမ်းတွေနဲ့ မီးရထားလမ်းတွေကို ပိတ်ဆို့နေခဲ့ပြီး မြို့ထဲနဲ့ အဆက်အသွယ် ပြတ်သွားစေပါတယ်။ နှင်းတွေကြောင့် တောင်ကုန်းထိပ်မှာရှိတဲ့ ဟိုတယ်ကို သွားတဲ့လမ်းလည်း ပိတ်သွားခဲ့လို့ အဲဒီမှာရှိတဲ့ ဧည့်သည်တွေ ခရီးမဆက်နိုင် ဖြစ်နေပါတယ်။ ဆွစ်ဇာလန်မှာနေတာ ၃၅ နှစ် ကြာပြီဖြစ်တဲ့ ဟိုတယ်ဝန်ထမ်း ဂျွန်က အခုလို နှင်းကျတာမျိုး တခါမှ မတွေ့ဖူးဘူးလို့ ဆိုပါတယ်။ “နှင်းထုပြိုရင် ဟိုတယ်မထိအောင် ၂ မီတာမြင့်တဲ့ နံရံနဲ့ ကာထားတာ။ ဒီလို နံရံမကာဘဲနဲ့ ဒီလို တောင်ထူတဲ့နေရာမှာ ဟိုတယ်ဆောက်လို့ မဖြစ်ဘူးဗျ” လို့ သူက ပြောပါတယ်။ နိုင်ငံမြောက်ပိုင်း ဇူးရစ်မြို့ကနေ အလည်လာတဲ့ ဆာဘီးနားနဲ့ သူမရဲ့ခင်ပွန်းတို့လည်း နှင်းမုန်တိုင်းနဲ့တိုးခဲ့လို့ ခရီးမဆက်နိုင် ဖြစ်နေကြပါတယ်။ “နှင်းထုပြိုကျမှာစိုးလို့ အိမ်ထဲကနေ မထွက်ပါနဲ့လို့ ရဲက ကျမတို့ကို သတိပေးထားတယ်” လို့ ဆာဘီးနားက ပြောပါတယ်။ တမီတာအထူလောက်အထိ ကျနေတဲ့ နှင်းထုကြောင့် ဒီဒေသမှာ လူတထောင်နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။ နှင်းထုပြိုကျမယ့် အန္တရာယ်လည်း ရှိနေလို့ နှင်းထုပြိုကျနိုင်တဲ့ လမ်းကြောင်းမှာ ရှိနေတဲ့ ဒေသခံ အများစုဟာ ဘေးလွတ်ရာ ပြောင်းရွှေ့နေရပါတယ်။ ၂၀၁၈ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဒါဗို့စ်မြို့မှာ ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာတလွှားက နိုင်ငံနဲ့ စီးပွားရေးခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိပြီး ဆောင်းရာသီက ဖိုရမ်ကို သက်ရောက်မှာ မဟုတ်ဘူးလို့ အစီရင်ခံစာတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up