ချဲလ်ဆီးတောင်ပံကစားသမား ကန်နက်ဒီကို နယူးကာဆယ် အငှားဖြင့်ခေါ်ယူ

1.2K
နယူးကာဆယ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ကန်နက်ဒီကို ရာသီအကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ကန်နက်ဒီဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားတဦးဖြစ်ပြီး ချဲလ်ဆီး စီနီယာအသင်းမှာ ၅ ပွဲသာ ကစားရသေးပြီး ကစားခဲ့တဲ့ ပွဲစဉ်တွေဟာလည်း ပြည်တွင်းဖလားပွဲစဉ်တွေမှာပဲ ဖြစ်ပါတယ်။
နည်းပြဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိအချိန်ထိ ခြေစွမ်းတည်ငြိမ်ခြင်း မရှိသေးသလို ဇယားအောက်ဆုံးက ဆွမ်ဆီးအသင်းနဲ့ ၃ မှတ်သာ ကွာဟတဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။
ကစားသမားလိုအပ်ချက်အရ အသင်းအနေနဲ့ ကစားသမားတွေ တော်တော်များများ ခေါ်ယူရမယ်လို့ နည်းပြဘင်နီတက်ဇ်က ပြောကြားထားခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလား စတုတ္ထအဆင့်အဖြစ် ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပေမယ့် ကန်နက်ဒီကတော့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ် မရှိသေးဘူးလို့ သိရပါတယ်။