Live
Home
မြန်မာသတင်း
ရွှေကို ပြည်ပတင်ပို့၊ တင်သွင်းခွင့်ပြုပြီ
ပိုင်စိုး
·
January 24, 2018
  ရွှေအပါအဝင်ရွှေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို နိုင်ငံခြားသို့ တရားဝင်တင်ပို့ခွင့်၊ တင်သွင်းခွင့် ပထမဆုံးအနေနဲ့ ခွင့်ပြုလိုက်ပြီလို့ စီးပွားကူးသန်းဝန်ကြီးက အမိန့်ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ စံချိန်မီရွှေ၊ ရွှေနဲ့ လက်ဝတ်ရတနာတွေ၊ ရွှေနဲ့လုပ်ထားတဲ့ အနုပညာပစ္စည်း၊ အသုံးအဆောင်ပစ္စည်းတွေကိုပါ သတ်မှတ်ချက်နဲ့အညီ နိုင်ငံခြားကို တင်ပို့ခွင့်၊ တင်သွင်းခွင့်ပြုလိုက်တာပါ။ စံချိန်မီရွှေဆိုတာက အပြည်ပြည်ဆိုင်ရာ အပေးအယူလုပ်တာမှာ သတ်မှတ် အသုံးပြုတဲ့ စံချိန်မီ ရွှေချောင်း၊ ရွှေတုံးနဲ့ ရွှေဒင်္ဂါးတွေ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က “အရင်က ဒီလို တင်ပို့ခွင့်မရှိပါဘူး။ ကိုယ်တို့နိုင်ငံမှာ ရွှေထုတ်နေတယ်။ ပြင်ပကို တင်ပို့တာလည်း ရှိတယ်။ တင်သွင်းတာလည်း ရှိတယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေ မပေါ်ဘူး။ အခုလို တရားဝင်တင်ပို့ခွင့် ပေးလိုက်တော့ နိုင်ငံတော်အတွက် အခွန်အခတွေ ရလာမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရွှေတွေကို ပင်လယ်ရေကြောင်း၊ လေကြောင်းအပြင် နယ်စပ်လမ်းကြောင်းတွေကပါ တင်သွင်း၊ တင်ပို့ခွင့် ပြုလိုက်တာဖြစ်ပြီး ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေနဲ့ပဲ အရောင်းအဝယ်လုပ်ရမှာပါ။ အရောင်းအဝယ်လုပ်မယ့် သူတွေအနေနဲ့ တင်ပို့၊ တင်သွင်းခွင့် မှတ်ပုံတင်ရမှာဖြစ်ပြီး ဒီနေ့အထိတော့ လာရောက် လုပ်ကိုင်တာ မရှိသေးဘူးလို့ ဦးခင်မောင်လွင်က ပြောပါတယ်။ ဒီလို ခွင့်ပြုပြီး အရောင်းအဝယ်လုပ်တာကြောင့် ပြည်တွင်းငွေကြေးဈေးကွက်ကို မထိခိုက်စေဖို့ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၊ စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သုတေသနနဲ့ တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရွှေ ဗဟိုဈေးကွက်ကော်မတီတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ရွှေဈေးကွက် စောင့်ကြည့် အကဲဖြတ် ထိန်းညှိရေးကော်မတီကို ဖွဲ့စည်းရဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကတော့ အခုလို ခွင့်ပြုလိုက်တဲ့အတွက် ပြည်တွင်းရွှေလုပ်ငန်းရဲ့ ရောင်းရေးဝယ်တာတွေ ပိုပြီးကောင်းလာမယ်လို့ သုံးသပ်ပြောဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024