နားမကြားကလေးငယ်အကြောင်း ရိုက်ကူးထားသည့်ရုပ်ရှင် အော်စကာဝင်ရန် ရေပန်းစား

နားမကြားကလေးငယ်တဦးအကြောင်း ရိုက်ကူးထားတဲ့ "The Silent Child" ရုပ်ရှင်ဇာတ်ကားဟာ အော်စကာ ဆန်ကာတင်စာရင်းမှာပါဖို့ ရေပန်းစားနေပါတယ်။
အင်္ဂလန်ကျေးလက်ဒေသတခုမှာ ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ "The Silent Child" ဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ပေါ် အခြေပြု ရိုက်ကူးထားတာပါ။
သရုပ်ဆောင်နဲ့ စာရေးဆရာမဖြစ်သူ ရေချယ်ရှန်တန်က “ကျမငယ်ငယ်က အဖေ နားလေးသွားခဲ့တယ်။ အဖေဆုံးခါနီး နှစ်နှစ်လောက်မှာ နားလေးသွားခဲ့တာ။ အဲဒီချိန်မှ မိသားစုမှာ နားလေးသူတယောက်ရှိတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျမ သဘောပေါက်ပြီး လက်သင်္ကေတ ဘာသာစကားကို သင်ယူခဲ့ပါတယ်။ နားမကြားတာဟာ စာသင်လို့မရတဲ့ အခက်အခဲ မဟုတ်ပါဘူး။ နည်းမှန်လမ်းမှန် ကူညီမယ်ဆိုရင် နားကြားတဲ့ ကလေးအတိုင်း လိုက်လုပ်နိုင်ပါတယ်။ အဲဒါ အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျပါပဲ” လို့ ပြောပါတယ်။
သရုပ်ဆောင် ရှန်တန်ဟာ အမျိုးသား နားမကြားကလေးများ အဖွဲ့အစည်းရဲ့ သံတမန်ဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ၆ နှစ်အရွယ် မေစီဆလိုင်းကလည်း သူ့ရဲ့ သရုပ်ဆောင်ပညာနဲ့ လူတွေကို ပညာပေးချင်တယ်လို့ ပြောခဲ့ပါတယ်။
သရုပ်ဆောင် မေစီဆလိုင်းက “နားမကြားတဲ့ ကလေးတွေဟာ ဘာမဆိုလုပ်နိုင်တယ် ဆိုတာကို နားကြားတဲ့လူတွေကို ပြသချင်ပါတယ်။ သရုပ်ဆောင်ရတာ ခက်တယ်။ ဘာလို့လဲဆိုတော့ တခါတလေမှာ ထပ်ခါတလဲလဲ ပြန်ပြန်လုပ်ရတယ်” လို့ ဆိုပါတယ်။
"The Silent Child" ဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ရေချယ်ရှန်တန်နဲ့ ဒါရိုက်တာ ခရစ်အိုဗာတန်တို့ဟာ အော်စကာဆုကို ရည်မှန်းလျက်ရှိပါတယ်။
“သမီးတို့ အော်စကာဆုရမယ်ထင်တယ်လို့ ပြောနေတယ်။ သမီးတင်မဟုတ်ဘူး၊ အန်တီလည်း စိတ်လှုပ်ရှားတယ်” လို့ ရှန်တန်က ပြောပါတယ်။
အော်စကာဆု ဆန်ကာတင်စာရင်းကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကြေညာမယ်လို့ သိရပါတယ်။