Homeမြန်မာသတင်း
နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ယူနီဖောင်းများ ဝတ်ဆင်ခြင်းမပြုရန် မြင်းခြံမြို့တွင် အသိပေးရှင်းလင်း
နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ယူနီဖောင်းများ ဝတ်ဆင်ခြင်းမပြုရန် မြင်းခြံမြို့တွင် အသိပေးရှင်းလင်း
DVB
·
January 24, 2018
နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ အသွန်သဏ္ဌာန်နဲ့ ယူနီဖောင်းတွေ ဖန်တီးဝတ်ဆင်တာတွေ မလုပ်ဖို့ အသိပေး ရှင်းလင်းတဲ့ အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး အသိပေး ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
မြင်းခြံခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးဌေးလွင်က “ကျနော်တို့ နိုင်ငံတော်မှာ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အသွင်သဏ္ဌာန်ကိုယူပြီးတော့ လုံခြုံရေး ချိုးဖောက်မှု မဖြစ်စေဖို့အတွက် အထက်ကနေ အဆင့်ဆင့် ချမှတ်ပေးလိုက်တဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြမ်းဖျင်း ရှင်းလင်းပြတာပါ။ အဓိကတော့ နိုင်ငံတော်ရဲ့ လုံခြုံရေး အဖွဲ့အစည်းများရဲ့ အသွင်သဏ္ဌာန် ယူနီဖောင်းတွေကို ဖန်တီးဝတ်ဆင်ခြင်း မပြုကြဖို့ပါပဲ။ ပြီးတော့ ဝတ်စားဆင်ယင်မှုတွေကို အသွန်သဏ္ဌာန်တူ ဝတ်ဆင်သွားမယ်ဆိုရင် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
အစည်းအဝေးကို တက်ရောက်လာတဲ့ မြင်းခြံမြို့ ကမ္ဘောဇာဘဏ် တာဝန်ရှိသူတဦးက “ခုလို အသိပေးတာ ကောင်းပါတယ်။ လုံခြုံရေးက အရေးကြီးဆုံးအပိုင်းပဲလေ။ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သတ်ပြီး အဓိက ယူနီဖောင်းတွေ ရောယှက်မှုမရှိအောင် အားလုံး ညှိနှိုင်းတဲ့သဘောပါပဲ။ မြင်းခြံမြို့အနေနဲ့ ပြောရရင် လုံခြုံရေးအပိုင်းတွေမှာ တချို့နေရာတွေ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ညဥ့်နက်ပိုင်းတွေမှာ လူကောင်းသူကောင်းတွေ သွားလာလို့ မကောင်းတဲ့အပိုင်းတွေ တွေ့နေရပါတယ်။ ဒါကလည်း အာဏာပိုင်တွေဘက်က အစွမ်းကုန် ကြိုးစားသွားမယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။
အသိပေးရှင်းလင်းပွဲကို မြင်းခြံမြို့ရှိ ပုဂ္ဂလိကဘဏ်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ လူမှုကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဟိုတယ်တွေ၊ မိုတယ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စုစုပေါင်း လူဦးရေ ၆၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ )