ဝီစကီတပုလင်းနဲ့ ရခိုင်ခရီးအစ

1.2K
“ဒီရခိုင်ခရီးစဉ်မှာ အားလုံး ဝီစကီဆောင်ထားရင် ကောင်းမယ်”
အတွင်းရေးမှူး ကိုကျော်စွာမင်းရဲ့ အကြံပြုချက်ကို ကြားလိုက်ရတော့ တော်တော်ကောင်းတဲ့ အကြံပြုချက်ပဲလို့ စိတ်ထဲမှာ တွေးလိုက်မိပါတယ်။
သွားရမယ့်ခရီးစဉ်က ရခိုင်ခရီးစဉ်။
ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သတင်းကို တကမ္ဘာလုံး စိတ်ဝင်စားနေတဲ့အချိန်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ အခြေစိုက်တဲ့ Medecins Sans Frontieres (MFS) က တလအတွင်း ဘင်္ဂါလီ(ရိုဟင်ဂျာ) လူမျိုး ၆၇ဝဝ အသတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်။
အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လအတွင်း ဘင်္ဂါလီ(ရိုဟင်ဂျာ) ရွာ ၄ဝ မီးရှို့ခံရတယ် ဆိုတဲ့သတင်း၊ ဘင်္ဂါလီတွေ အသတ်ခံရတာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရေငုံနှုတ်ပိတ်နေတယ်လို့ ကမ္ဘာက အပြစ်တင်နေကြချိန် စတဲ့ စတဲ့ နိုင်ငံတကာသတင်းဌာနတွေမှာ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးကို တဖက်သတ် ဖော်ပြနေချိန်၊ ARSA (အာဆာ) တွေက လက်လုပ်ဗုံးတွေနဲ့ လုံခြုံရေးတွေကို လစ်ရင်လစ်သလို တိုက်ခိုက်နေချိန်။
အဲဒီအချိန်မှာ မြန်မာပြည်တွင်း သတင်းသမားတွေကလည်း မြေပြင်က သတင်းမှန်တွေကို ကျင့်ဝတ်နဲ့အညီ ရေးသားဖို့ စိတ်အားထက်သန်နေပါတယ်။
ဒါပေမယ့် ပြည်တွင်သတင်းသမားတွေ သတင်းယူခွင့် မရခဲ့ကြပါဘူး။ ဘင်္ဂါလီအရေး တဖက်သတ် သတင်းတွေကတော့ ကမ္ဘာ့သတင်းကွန်ရက်တွေမှာ အလျှံပယ်ဖြစ်နေပါပြီ။
မြန်မာပြည်ရဲ့ ပုံရိပ်ဟာလည်း ကမ္ဘာ့အလယ်မှာ ကျပြီးရင်း ကျနေပါပြီ။ မှန်ကန်မျှတပြီး ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ သတင်းတွေ ဖော်ပြဖို့ မြန်မာသတင်းသမားတွေ စိတ်အားထက်သန်နေပေမယ့် မြေပြင်အခြေအနေမှန်ကို လွတ်လွတ်လပ်လပ် သတင်းယူခွင့် မရကြပါဘူး။ အဘက်ဘက်က တားဆီးခံရပါတယ်။ စွန့်စွန့်စားစား သတင်းယူတဲ့ သတင်းသမားတွေလည်း အဖမ်းခံရ၊ အရေးယူခံရ၊ ရန်လုပ်ခံရ ဖြစ်နေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ သတင်းသမားတွေ လုံလုံခြုံခြုံနဲ့ သတင်းမှန် ရရှိရေးအတွက် မြန်မာသတင်းမီဒီယာကောင်စီက အကြိမ်ကြိမ် တရားဝင် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့တာ များပါတယ်။
ဒီတကြိမ်တော့ ဒေသခံ သတင်းသမားလည်းဖြစ်၊ မီဒီယာကောင်စီ အဖွဲ့ဝင်လည်း ဖြစ်တဲ့ ကိုခိုင်မြတ်ကျော်က ရခိုင်ပြည်နယ်အစိုးရ၊ လွှတ်တော်၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ဒေသခံတွေကို သတင်းမီဒီယာသမားတွေဟာ ရန်သူတွေ မဟုတ်၊ ပဋိက္ခကို မီးမွှေးမယ့်သူတွေ မဟုတ်၊ ဒေသဖွံ့ဖြိုးရေး၊ တရာဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက် သတင်းရေးသားကြမယ့်အကြောင်း နားချနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီခရီးစဉ်ကို အခုလို စီစဉ်နိုင်ခဲ့တာပါ။ ဒါဟာ ရှေ့ပြေးအစီအစဉ်ပါ။ ဒီခရီးစဉ် အောင်မြင်ရင် နိုင်ငံတကာက သတင်းထောက်တွေနဲ့အတူ နောက်တကြိမ် ဒီလမ်း ဒီစခန်းတွေကို တကျော့ပြန်လာဖို့ စိတ်ကူးထားပါတယ်။
ခရီးစဉ်မှာ ပြည်တွင်းသတင်းထောက် ၃ဝ နီးပါး ပါပါတယ်။ ခရီးမထွက်ခွာခင် တရက် အလို (၅/၀၁/၁၈) မှာ ဘယ်လိုစည်းကမ်းချက်တွေ လိုက်နာရမယ်၊ ဘာတွေ ပြင်ဆင်ရမယ် ဆိုတာ တိုင်ပင်ကြတဲ့အခါ အတွင်းရေးမှူး ကိုကျော်စွာမင်းက အခုလို ဝီစကီ ဆောင်ထားသင့်တယ်လို့ အကြံပြုလိုက်တော့ သူ့ကို မလေးစားဘဲ မနေနိုင်ပါဘူး။ ဟုတ်ပါတယ်။ ဝီစကီဆိုတာ ချမ်းရင် အေးရင် သောက်လို့ရတယ်၊ အနွေးထည်မလို။ မတော်တဆ လက်လုပ်မိုင်းထိလို့ ပွန်းပဲ့ရင် ဝီစကီလောင်းပြီး အနာ အမြန်ကျက်အောင် လုပ်လို့ရတယ်။ လမ်းမှာတွေ့တဲ့ ဒေသခံတွေနဲ့ ဝိုင်းဖွဲ့တဲ့အခါ သတင်းချူဆီအနေနဲ့လည်း သုံးလို့ရတယ်။ လိုရာသုံး ဝီစကီ ပါ။ မာလတီ မီဒီယာသမားတွေအတွက် မာလတီ ဝီစကီပါ။
အစည်းအဝေးခန်းထဲက မထွက်ခင် ကျနော့်နားမှာရှိတဲ့ ဆရာမျိုးကိုမျိုးကို ကျနော်တို့ ဘယ်ဝီစကီကို ဝယ်ရင် ကောင်းမလဲလို့ တိုင်ပင်တဲ့အခါ ဆရာမျိုးကိုမျိုးက ကျနော့်ကို ကြောင်ကြည့်ပြီး-
“ဦးဇေ နားကြားလွဲပြီထင်တယ်၊ ကိုကျော်စွာမင်း ဆောင်ခိုင်းတာက သောက်တဲ့ ဝီစကီ မဟုတ်ဘူး၊ အရေးအကြောင်းရှိရင် အချက်ပေး မှုတ်ရတဲ့ ဝီစီ(whistle) ပါဗျာ”
ဖြစ်ရမယ်။ ကျနော်က စိတ်ထဲစွဲနေလို့ နားကြားလွဲတာ ဖြစ်မှာပါ။
ကိုကျော်စွာမင်းက သတင်းထောက်တွေ သတင်းယူရင်း အကြမ်းဖက်ခံရတာ၊ တားဆီးခံရတာ၊ အခြေအနေ ထူးခြားမှုနဲ့ ရင်ဆိုင်ရတာတွေ ကြုံတွေ့ရင် တယောက်နဲ့ တယောက် အချက်ပေးဖို့ ရည်ရွယ်ပြီး ဝီစီကို ဆောင်ခိုင်းတာ ဖြစ်ပါတယ်။
ဝီစီနဲ့ အချက်ပေးတဲ့နည်းက တောင်အာဖရိကမှာ ခရာမှုတ်ကြ (blow the whistle) ဆိုတဲ့ လှုပ်ရှားမှုက စတင်လူသိများလာတာပါ။ အဲဒီလှုပ်ရှားမှုဟာ တောင်အာဖရိကမှာ တနေ့ လူသတ်မှု ၄၃ မှု၊ မူးယစ်နဲ့ ဆက်စပ်တဲ့အမှု ၄၀၀ ရှိပြီး အမျိုးသမီး ၄၃ ရာခိုင်နှုန်းဟာ မုဒိမ်းအကျင့်ခံရတယ်လို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် နောက်ထပ် ရာဇဝတ်မှုတွေ အချိန်မီ တားဆီးနိုင်အောင် တယောက်နဲ့တယောက် အချက်ပေးဖို့၊ ခရာမှုတ်ကြ ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ကြတာ ဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံမှာရော ပြည်တွင်းစစ်ကြောင့် တနေ့ လူဘယ်နှယောက် သေကျေနေပါသလဲ။ လူမျိုးရေး၊ ဘာသာရေးနဲ့ အမုန်းစကားတွေကြောင့် ဘယ်သူတွေ ဘယ်လို ထိခိုက်နစ်နာနေရပါသလဲ။
စစ်တွေမြို့ရောက်တော့ ကျနော့်ရဲ့မိတ်ဆွေ နိုင်ကျဉ်းတယောက် ပြောတာက ဘာသာရေး၊ လူမျိုးရေး အမြင်ကျဉ်းမှုတွေကြောင့် အမုန်းတရားနဲ့ အမုန်းစကားတွေ အလျင်အမြန် ပျံ့နှံ့နေပြီး ဒေသခံအားလုံးရဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် အသုံးချသူတွေ ပြန်လည် ခေါင်းထောင်လာမှာ စိတ်ပူတဲ့အကြောင်း ပြောပါတယ်။
တကယ်တော့ ဒီလိုအခြေအနေတွေဟာ တနိုင်ငံလုံးမှာ ရှိနေတာပါ။ တနိုင်ငံလုံးကလည်း အဲဒါကို စိုးရိမ်နေတာပါ။ အဲဒါကို သတိပေးဖို့ ဒီရခိုင်ခရီးစဉ်မှာပါတဲ့ သတင်းထောက်တွေသာမက တနိုင်ငံလုံးက ပြည်သူတွေအားလုံး ခရာမှုတ် အချက်ပေးရမယ့် အချိန်ပါ။
ကျနော်လည်း ဝီစီတခု ဆောင်ထားပါပြီ။ ဝီစီနဲ့အသံတူတဲ့ ဝီစကီလေးလည်း ချန်မထားရက်ပါဘူး။
သားကြီးမောင်ဇေယျ