ရေးမြို့နယ်ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ကျပ်သန်း ၁၁၀၀ ကျော်အသုံးပြုဆောင်ရွက်နေ
DVB
·
January 24, 2018
မွန်ပြည်နယ် ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ ကျောင်း၊ ရေ ရရှိရေးစတဲ့ လုပ်ငန်းပေါင်း ၁၅ ခုကို ကျပ်သန်း ၁၁၀၀ ကျော်အကုန်အကျခံ အကောင်အထည်ဖော်နေတယ်လို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ထံမှ သိရပါတယ်။
နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ တင်ဒါအောင်မြင်ထားတဲ့ကုမ္ပဏီတွေက အကောင်အထည်ဖော် လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
“စီမံကိန်းအားလုံး အကောင်အထည်ဖော်ဆောင်ရှိရာမှာ တင်ဒါအောင်မြင်ထားခဲ့ကြတဲ့ ရာမည ယူနိုက်တက် ရွှေဝါလင်း Dragon Power ကုမ္ပဏီတွေက သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်ယူဆောင်ရွက် အကောင်အထည်ဖော် ပေးသွားမယ်”
လာမယ့်ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၈-၁၉ ခုနှစ်မှာလည်း လျာထားတဲ့ လမ်း၊ တံတား၊ ကျောင်း၊ ရေ ရရှိရေးကဏ္ဍတွေအပြင် ကျေးရွာဆိုလာမီးရရှိဖို့အတွက်လည်းပါရှိပြီး ကျပ်သန်းပေါင်း ၇၀၀၀ လောက်မှာ လုပ်ငန်းပေါင်း ၃၆ ခုအထိကို ဒေသရဲ့လိုအပ်ချက်တွေအရ ပိုမိုလုပ်ဆောင်နိုင်ဖို့ လျာထားခဲ့တယ်လို ဆိုပါတယ်။
အခုလို လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်တာဟာ ကျေးလက်နေ ပြည်သူတွေ ဒေသစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာစေဖို့ဖြစ်တယ်လို ဆိုပါတယ်။
သတင်း- နေမျိုးထွဋ်