A d v e r t i s e m e n t With Us

ကာတာကိုနိုင်ပြီး ဗီယက်နမ်အသင်း အာရှယူ-၂၃ ချန်ပီယံရှစ် ဗိုလ်လုပွဲတက် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကာတာယူ-၂၃ အသင်းနဲ့ ဗီယက်နမ် ယူ-၂၃ အသင်းတို့ မနေ့က ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်က ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဒီပွဲမှာ ကာတာအသင်းက ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ဗီယက်နမ်တိုက်စစ်မှူး ငုယင်ကွမ်ဟိုင် တဦးတည်းက ချေပဂိုးနှစ်ဂိုးစလုံး ပြန်သွင်းယူပေးခဲ့တာပါ။ သာမန်ပွဲကစားချိန် မိနစ်ကိုးဆယ်မှာ နှစ်ဂိုးစီသရေကျနေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာမှာလည်း တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းပြီး ဗီယက်နမ်က အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း အီရတ်အသင်းကို ပွဲကစားချိန်အတွင်း သုံးဂိုးစီသရေဖြစ်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်နဲ့နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာနိုင်ခဲ့တာပါ။ တခြားဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဥဇဘက်ကစ္စတန်နဲ့ တောင်ကိုရီးယားတို့ ပွဲစဉ်မှာတော့ ပွဲကစားချိန် မိနစ်ကိုးဆယ်မှာ တဂိုးစီသရေကျနေလို့ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာ ဥဇဘက်ကစ္စတန်က သုံးဂိုးဆက်သွင်းပြီး ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ကာ နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ ၂၀၁၈ အာရှ ယူ-၂၃ ချန်ပီယံရှစ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ ဥဇဘက်ကစ္စတန်တို့ လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up