A d v e r t i s e m e n t With Us

ဘရစ္စတိုးစီးတီးကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင်ပြီး မန်စီးတီး လိဂ်ဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးစီးတီးနဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးတို့ မနေ့ကယှဉ်ပြိုင်ရာ မန်စီးတီးက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ယှဉ်ပြိုင်ခဲ့စဉ်ကလည်း မန်စီးတီးကပဲ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၃ ဂိုးနဲ့ မန်စီးတီး အနိုင်ရသွားတာပါ။ မန်စီးတီးဟာ ဒီပွဲမှာ ဂိုးသမားအဖြစ် ဘရာဗို၊ နောက်တန်းမှာ ဝေါ်လ်ကာ၊ စတုန်း၊ အော့တာမန်ဒီ၊ ဇင်ချန်ကို၊ ကွင်းလယ်မှာ ဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဒီဘရွန်း၊ ဘာနာဒိုဆေးလ်ဗား၊ ဆာနေးတို့နဲ့ ပွဲထွက်ခဲ့ပြီး အထောင်တိုက်စစ်မှူးအဖြစ် အဂွေရိုကို အသုံးပြုခဲ့ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာ မန်စီးတီးအတွက် ဆာနေးက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘရစ္စတိုးစီးတီးအိမ်ကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်မှာလည်း အပြတ်အသာစီးရခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် မိနစ် ၅၀ မှာ တိုက်စစ်မှူး အဂွေရိုက မန်စီးတီးအတွက် ဒုတိယဂိုး သွင်းယူခဲ့ပေမယ့် ၆၄ မိနစ်နဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပို ၄ မိနစ်မှာ ဘရစ္စတိုးစီးတီးက ချေပဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နှစ်ဂိုးစီသရေနဲ့ ပွဲပြီးမလိုဖြစ်နေပြီးမှ နာကျင်အချိန်ပို ၆ မိနစ်မှာ မန်စီးတီးအတွက် ကွင်းလယ်တိုက်စစ်ကစားသမား ဒီဘရွန်းက အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ ၃ ဂိုး ၂ ဂိုးနဲ့ မန်စီးတီး အနိုင်ရသွားတာပါ။ မန်စီးတီးဟာ နည်းပြ ဂွါဒီယိုလာလက်ထက် ပထမဆုံးအကြိမ် လိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဒီနေ့ညယှဉ်ပြိုင်မယ့် အာဆင်နယ်-ချဲလ်ဆီးပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up