Homeမြန်မာသတင်း
ဧရာဝတီတိုင်းဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ဆောင်မည်
ဧရာဝတီတိုင်းဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ဆောင်မည်
သော်ဇင်မျိုး
·
January 23, 2018
ဖွံ့ဖြိုးမှုနည်းနေတဲ့ ဧရာဝတီတိုင်းမှာ ဆင်းရဲနွမ်းပါးမှုများနေတာတွေကို လျော့ချဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အစိုးရနဲ့ လွှတ်တော်က ပိုပြီးအလုပ်လုပ်ဖို့ လိုလာပြီလို့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်ကပြောပါတယ်။
ဦးလှမိုးအောင်ကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်သစ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လွှတ်တော်တွင်းသူ့ရဲ့ ပထမဆုံးမိန့်ခွန်း ပြောကြားခဲ့တာပါ။
အဲ့ဒီမိန့်ခွန်းမှာ ဧရာဝတီတိုင်းအနေနဲ့ ဖွံ့ဖြိုးမှုနည်းတယ်လို့ ပြောတာတွေ ကြားသိရ ကြောင်းနဲ့ ဖွံ့ဖြိုးမှုနည်းတဲ့အတွက် ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုများမှာသုံးသပ်မိကြောင်း၊ ဆင်းရဲ မွဲတေမှုကိုလျော့ချဖို့ စီးပွာရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမှာဖြစ်ပြီး စီပွားရေးဖွံ့ဖြိုးတိုးတက်အောင် မူလရှိပြီးရေခံမြေခံရှိပြီးသားဖြစ်တဲ့ လယ်ယာကိုင်းကျွန်းတွေနဲ့ ရင်းနှီးပြီးတော့ အဓိက စီးပွားရေး ပြန်လည်ဦးဆောင်အကောင်အထည်ဖော်ဖို့ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ပြည်သူပါမှာ အောင်မြင်မှာဖြစ်တဲ့အတွက် ပြည်သူပါဝင်လာအောင် အစိုးရနဲ့လွှတ်တော်က ပိုပြီးကြိုးစားဖို့ လိုလာပြီဖြစ်ပြီး ပြည်သူတွေ တကယ်အားကိုး ရတဲ့သူတွေဖြစ်အောင် ကြိုးရမှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်သစ်ကပြောသွားပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီ ဇန်န၀ါရီ ၉ ရက်က ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်သွားပြီးနောက် မြန်အောင်အမတ် ဦးလှမိုးအောင်ကို နိုင်ငံတော်သမ္မတက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ အတည်ပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။