အမေရိကန်တွင် ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှုဖြစ်၊ လူ ၅ ဦး ပျောက်ဆုံး
အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်ထဲက ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းခွင်မှာ ပေါက်ကွဲမှုတခု ဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ လုပ်ငန်းခွင်ကို Red Mountain Operating ကုမ္ပဏီက ပိုင်ပါတယ်။
ပေါက်ကွဲမှုဟာ ကွင်တင်မြို့နားမှာ ဒီနေ့မနက်ခင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသန္တရရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
အသေအပျောက် ရှိမရှိကို ပြောခွင့်ရသူက အတည်မပြုခဲ့ဘူးလို့လည်း ရိုက်တာသတင်းဌာနက ဆိုပါတယ်။
ဓာတ်ငွေ့တွင်းအသစ်တခုကို တူးနေတုန်းမှာ ပေါက်ကွဲခဲ့တာလို့ ပြည်နယ် ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ပြောခွင့်ရသူက ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ဓာတ်ငွေ့တွင်း မီးလောင်ခဲ့တာပါ။ မီးနဲ့ ဓာတ်ငွေ့တွင်းကို ထိန်းချုပ်ဖို့ ဓာတ်ငွေ့ပေါက်ကွဲမှု ထိန်းချုပ်ကာကွယ်ရေးကုမ္ပဏီကို ခေါ်ယူခဲ့ရသလို ကော်မရှင်ဝင် ၂ ဦးလည်း အခင်းဖြစ်တဲ့နေရာကို ရောက်နေတယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။