ကာလတို ငွေကြေးထောက်ပံ့မှု ဥပဒေ အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်အစိုးရရဲ့ လုပ်ငန်းဆောင်တာတချို့ ရပ်ဆိုင်းသွားတာကို အဆုံးသတ်စေမယ့် ကာလတို ငွေကြေးထောက်ပံ့မှု ဥပဒေကို အမေရိကန် အောက်လွှတ်တော်က ဇန်နဝါရီ ၂၂ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။ အမေရိကန်အစိုးရကို ငွေကြေးထောက်ပံ့မယ့် အခုဥပဒေအရ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ငွေကြေးသုံးစွဲခွင့်ရရှိမှာ ဖြစ်တာကြောင့် အစိုးရလုပ်ငန်းဆောင်တာတချို့ ၃ ရပ်ကြာ ရပ်ဆိုင်းသွားမှုကို အဆုံးသတ်သွားစေမှာပါ။ အမေရိကန် အထက်လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ ဒီဥပဒေကို အောက်လွှတ်တော်က ထောက်ခံမဲ ၂၆၆ မဲ၊ ကန့်ကွက်မဲ ၁၅၀ နဲ့ အတည်ပြုလိုက်တာပါ။ အခုဥပဒေမှာ ကလေးသူငယ်ကျန်းမာရေး အာမခံအစီအစဉ်ကို ၆ နှစ် သက်တမ်းတိုးတာ ပါဝင်ပေမယ့် ဒီမိုကရက်တွေလိုလားတဲ့ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေကို အကာအကွယ်ပေးတဲ့ အစီအစဉ်တော့ မပါဝင်ခဲ့ပါဘူး။ လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်တဲ့ အခုဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုပြီး အမေရိကန်အစိုးရရဲ့ လုပ်ငန်းဆောင်တာတချို့ ရပ်ဆိုင်းမှုကို အဆုံးသတ်တော့မှာလည်း ဖြစ်ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ ပေါလ်ရိုင်ယန်က “ဒီဇာတ်လမ်း အဆုံးသတ်တော့မှာဆိုတော့ တော်တော် စိတ်သက်သာရသွားကြမယ်ဆိုတာ ကျေန်ာသိပါတယ်။ အစိုးရယန္တရား ရပ်ဆိုင်းဖို့ မလိုတော့ပါဘူး။ အချိန်ကာလတိုတယ် ဆိုပေမယ့်လည်း တိုင်းပြည်အတွက် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ဆုံးရှုံးစေခဲ့ပါတယ်။ အခုကိစ္စမှာ ဘယ်ပါတီကမှ အနိုင်မရပါဘူး။ ကျေနာ် ရှင်းအောင်ထပ်ပြောချင်ပါတယ်။ ကလေးသူငယ်ကျန်းမာရေးအာမခံ အစီအစဉ်ကို မှီခိုနေရတဲ့ မိသားစုဝင်တွေကလွဲလို့ ဘယ်သူမှ အနိုင်မရပါဘူး။ မကြာခင်မှာပဲ ဒီအစီအစဉ်သမိုင်းတလျှောက် ကာလအရှည်ဆုံးလို့ဆိုရမယ့် အခုအစီအစဉ်ဟာ ဥပဒေဖြစ်လာပါတော့မယ်။ "ဒီကိစ္စအတွက်နဲ့တော့ ကျနော်တို့ကိုယ်ကိုယ် ပြန်ချီးမွမ်းနိုင်လောက်အောင် စွမ်းဆောင်နိုင်တယ်လို့ မဆိုနိုင်ပါဘူး။ အခု ကျေန်ာတို့ရခဲ့တဲ့ သင်ခန်းစာကို အလွန်အလေးထားဖို့ လိုပါတယ်။ ကျေန်ာတို့ ကောင်းမွန်တဲ့ယုံကြည်ချက်နဲ့ ရှေ့ဆက်သွားဖို့လိုပါတယ်။ ကလးတွေ အမေရိကန်ကို ရောက်လာတာကို တားမြစ်တာ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ စတာတွေနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ လိုပါတယ်။ အခုခွင့်ပြုလိုက်တဲ့ ငွေကြေးက အလွန်အမင်း လိုအပ်နေတဲ့ ကျနော်တို့စစ်တပ်အတွက် ငွေကြေးရရှိသွားမှာပါ။ အခုလို အလျင်စလို လိုအပ်နေတဲ့ ပြဿနာတွေကို ကျနော်တို့ ကိုင်တွယ်သွားကြရအောင်ပါ” လို့ ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up