ကွင်းလယ်လူ ဒီဘရိုင်း မန်စီးတီးနှင့် ကာလရှည်စာချုပ်သစ်ချုပ်ဆို

ဓာတ်ပုံ - Getty
1.4K
မန်စီးတီးအသင်းရဲ့ အားထားရတဲ့ လူငယ်ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
ဒီဘရိုင်းဟာ စာချုပ်သစ်အရ အရင်ကရရှိခဲ့တဲ့ တပတ်လုပ်ခ ပေါင် ၂ သိန်း ၈ သောင်းကနေ ပေါင် ၃ သိန်းခွဲထိ တိုးမြှင့်ရရှိမှာလည်း ဖြစ်ပါတယ်။
၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ဘယ်လ်ဂျီယံ ကစားသမားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ ပျော်ရွှင်နေပြီး အသင်းဟာ သူ့အတွက် အိမ်လိုဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့ စီမံကိန်းနဲ့ပတ်သက်လို့ ကျေနပ်အားရမှုရှိပြီး လူငယ်ကစားသမားတွေအတွက် အောင်မြင်နိုင်မယ့်အသင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဘရိုင်းဟာ ၂၀၁၅ ခုနှစ် သြဂုတ်လက ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းကနေ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကစားခဲ့တဲ့ပွဲပေါင်း ၁၂၂ ပွဲမှာ ၃၁ ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု အကြိမ် ၅၀ ထိ ပြုလုပ်ထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မန်စီးတီးအသင်းဟာ ဒီဘရိုင်းအပါအဝင် ကစားသမားကောင်းတွေနဲ့ ခြေစွမ်းတည်ငြိမ်နေပြီး ပရီးမီးယားလိဂ်ဆုဖလား၊ ချန်ပီယံလိဂ်နဲ့ တခြားဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။