မိတ္ထီလာတက္ကသိုလ်တွင် ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး ပန်ကြားလွှာများ ဖြန့်ဝေ
DVB
·
January 23, 2018
မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်ဝင်းထဲမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းကိုလာတဲ့ ကျောင်းသားကျောင်းသူတွေကို ‘မိဘ ပြည်သူတွေနဲ့ ကျောင်းသား ကျောင်းသူတို့အား ပန်ကြားလွှာစာရွက်’တွေ ဇန်နဝါရီ ၂၂ ရက် ညနေက ဖြန့်ဝေခဲ့ပါတယ်။
မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားထု အခွင့်အရေး တာဝန်ခံ စတုတ္ထနှစ် မြန်မာစာကျောင်းသား ချစ်လွန်းသူနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယနှစ် ရုက္ခဗေဒ ကျောင်းသား ချစ်ရအောင်တို့ နှစ်ဦးက ဦးဆောင်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူတို့အား ပန်ကြားလွှာ စာရွက်များ ဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တက္ကသိုလ်ကျောင်းသား ထွန်းထွန်းဝင်းက “ပန်ကြားလွှာထဲမှာတော့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပညာရေးအသုံးစရိတ် အလွန်နည်းနေတယ်။ ပညာရေးအသုံးစရိတ် မြှင့်တင်ခြင်းက နိုင်ငံရဲ့ အနာဂတ်အပေါ် ရင်းနှီိးမြှုပ်နှံမှု ဖြစ်တယ်။ အဲဒီလိုလုပ်မှသာ အစိုးရရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အုပ်ချုပ်မှု ဖြစ်တယ်။ နိုင်ငံတဝန်းလုံးက ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်ရေးနဲ့ စစ်မှန်ပြီး အရည်အသွေးပြည့်ဝတဲ့ ပညာရေး သင်ယူနိုင်ဖို့ ရည်ရွယ် လုပ်ဆောင်တာပါ။”လို့ ပြောပါတယ်။
ပန်ကြားလွှာစာရွက် ဝေငှသူတွေကို မော်ကွန်းထိန်းဆရာကြီးဦးစိုးသိန်းက ရုံးခန်းကို ခေါ်ယူပြီး စာတွေ ဖြန့်ဝေမယ်ဆိုရင် သက်ဆိုင်ရာကို အသိပေး အကြောင်းကြားဖို့ မိမိတို့ သဘောနဲ့ မလုပ်ကြဖို့ ဆုံးမပြောဆိုတာကြောင့် ပန်ကြားလွှာ စာရွက်ဝေတာ ရပ်သွားပါတယ်။
မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ၂၀၁၇ ဇွန်လ ၂၇ ရက်နေ့မှာ အဟောင်း ဖျက်သိမ်းပြီး ဇန်နဝါရီ ၁၀ ရက် ၂၀၁၈ မှာ အသစ်ပြန်ဖွဲ့စည်းထားတာဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် မရွှေနန္ဒာအောင်၊ အမှုဆောင် ၉ ဦးနဲ့ ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)