ကိုလံဘီယာတွင် ဘတ်စ်ကားတစီး ချောက်ထဲထိုးကျ၊ အနည်းဆုံး လူ ၁၃ ဦး သေဆုံး
ကိုလံဘီယာ အနောက်တောင်ပိုင်းမှာ ဇန်နဝါရီ ၂၁ ရက်နေ့က မြေပြိုမှုကြောင့် ဘတ်စ်ကားတစီး တောင်ကမ်းပါးကနေ ချောက်ထဲထိုးကျခဲ့ပြီး မွေးကင်းစ ကလေးငယ်တဦး အပါအဝင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီက ပြောပါတယ်။
အီကွေဒေါနိုင်ငံနဲ့ နယ်စပ် နာရီနိုပြည်နယ်က ပက်စတိုနဲ့ တူမာကို မြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့ တောင်ပေါ် အဝေးပြေးလမ်းမပေါ်မှာ အခုလိုဖြစ်ခဲ့တာပါ။
မြေပြိုမှုကြောင့် တောင်ပေါ်အဝေးပြေးလမ်းမနဲ့ တောင်ချောက်ကမ်းပါးထဲကို မြေကြီးနဲ့ ကျောက်တုံး ပမာဏ ၅၀၀၀ ကုဗမီတာလောက် ကျဆင်းခဲ့တယ်လို့ ဒေသခံ သဘာဝဘေးကာကွယ်ရေး အေဂျင်စီ အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကယ်ဆယ်ရေးအဖွဲ့င်ေတွေဟာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆက်လက်ရှာဖွေနေပါတယ်။