ဌာနချုပ်ကို အမြောက်နဲ့ပစ်ကြ

ဟုန်းကျ ကျုံပု တရုတ်အသံထွက်အားဖြင့် ဟုန်းကျ ကျုံပု - “ဌာနချုပ်ကို အမြောက်နဲ့ပစ်ကြ” ဆိုသည့် ကြွေးကြော်သံမှာ ယဉ်ကျေးမှု တော်လှန်ရေးကာလတွင် ထင်ရှားသည့် ကြွေးကြော်သံတခု ဖြစ်ခဲ့သည်။ မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက မော်စီတုံး၏ အဓိကရည်ရွယ်ချက်ကို လှုပ်ရှားမှု၏ အစပိုင်းတွင် မည်သူမျှမသိရှိ၊ မခန့်မှန်းနိုင်ခဲ့ကြ။ သို့သော် အခြေအနေ တဖြည်းဖြည်း ရင့်မှည့်လာသောအခါ သူ၏ အဓိကရည်မှန်းချက် ပန်းတိုင်မှာ မည်သူ့ကို တိုက်ခိုက်ဖြုတ်ချရေး ဖြစ်သည်ကို သဲသဲကွဲကွဲ ဖြစ်လာသည်။ ထိုစဉ်က သူ၏ အဓိကရန်သူကို တိုက်ခိုက်ရန် အချက်ပြလိုက်သည့် “ဌာနချုပ်ကို အမြောက်နဲ့ပစ်ကြ” (ဟုန်းကျ ကျုံပု) – Bombard the headquarter ဆိုသည့် ကြွေးကြော်သံမှာ နာမည်ကျော်ကြားလှသည်။ ပါတီက ဖွဲ့စည်းပေးခဲ့သော အလုပ်အဖွဲ့များနှင့်ပတ်သက်သော ပြဿနာသည် သမ္မတ လျူရှောက်ချီအတွက် အဆုံးအဖြတ်ပေးသော ရှုံးနိမ့်မှုတရပ် ဖြစ်သည်။ တနည်းအားဖြင့် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ထွက်ပေါ်လာသော ပြဿနာများကို မည်သို့ ကိုင်တွယ်ရမည် ဆိုသည့်ကိစ္စအပေါ် မော်နှင့် လက်ရှိ ပါတီခေါင်းဆောင်မှုအကြား သဘောထားကွဲလွဲမှုသည် ပြန်လည်ရင်ကြားစေ့ မရနိုင်တော့ဆိုသည့် အချက်ပေးမှု တရပ်လည်း ဖြစ်လေသည်။ သြဂုတ်လ ၁ ရက်နေ့တွင် အဋ္ဌမအကြိမ် ဗဟိုကော်မတီ၏ အဋ္ဌမမြောက် စုံညီအစည်းအဝေးကို အလျင်အမြန်ကျင်းပပြီး မော်၏ အစွန်းရောက်လမ်းစဉ်အတိုင်း ချီတက်ရန် ဆုံးဖြတ်လိုက်ကြသည်။ အစည်းအဝေးတွင် လျူ၏ အဖွင့်မိန့်ခွန်းပြောနေမှုအား ကြိမ်ဖန်များစွာ ကြားဖြတ် အနှောင့်အယှက်ပေးခြင်းဖြင့် သမ္မတ လျူရှောက်ချီအပေါ် အစာမကြေ ဖြစ်နေမှုကို မော်က ဗြောင်ထုတ်ဖော်ပြသခဲ့သည်။ နောက်ပိုင်းရက်များတွင် မော်က ပါတီခေါင်းဆောင်မှုသည် သူ၏ တော်လှန်ရေး အမြင်ကို ဆန့်ကျင်နေကြောင်း မကြာခဏ ပြောဆိုလေသည်။ အစည်းအဝေး တက်လာကြသူများက မော်၏ စဉ်းစားတွေးခေါ်ပုံ လမ်းကြောင်းအပေါ် မတက်မကြွ ရှိခဲ့ကြသည်။ ဤသည်ကို ရိပ်မိသိရှိသော မော်က ပါတီ၏ အထက်လွှာများမှာ သူ၏ တော်လှန်ရေး အတွေးအခေါ်ကို တက်တက်ကြွကြွ အပြည့်အဝ ထောက်ခံမှုမပေးဘဲ ကြီးကြီးမားမား အဟန့်အတားပြုနေသည်ဆိုကာ ဝေဖန်ထိုးနှက်လေတော့သည်။ ဇူလိုင်လ ၂၈ ရက်နေ့တွင် တပ်နီအဖွဲ့ ကိုယ်စားလှယ်များက မော်ထံသို့ စာရေးသားပေးပို့ရာတွင် တော်လှန်ရေးကို ကာကွယ်ရန်အတွက် ပုန်ကန်ထကြွခွင့်ပြုရန် တောင်းဆိုထားလေသည်။ ထို့ကြောင့် မော်က သူ၏လက်ရေးစာလုံးကြီး ပိုစတာဖြင့် “ဌာနချုပ်ကို အမြောက်နဲ့ပစ်ကြ”  (ဟုန်းကျ ကျုံပု) ဟု ရေးသားကာ စုရုံးချီတက်နေကြသော လူထုအား တုံ့ပြန်အဖြေပေးလိုက်လေတော့သည်။ စာလုံးကြီးပိုစတာတွင် မည်သည့်အမည်နာမကိုမျှ ဖော်ပြမထားသော်လည်း ပါတီ ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြသော လျူရှောက်ချီနှင့် တိန့်ရှောက်ဖျင်တို့ကို တရုတ်ပြည်၏ အရင်းရှင်လူတန်းစား ဌာနချုပ်များဟု ဆိုလိုကြောင်း သိရှိနားလည်ကြလေသည်။ ပါတီဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ လျူရှောက်ချီနှင့် တိန့်ရှောက်ဖျင်တို့မှာ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီတွင် ဆက်လက် ပါဝင်နေသေးသော်လည်း ပါတီ၏ နေ့စဉ်လုပ်ငန်းတာဝန်များမှ ဖယ်ပေးကြရလေသည်။ လင်ပြောင်းမှာ ပါတီ၏ နံပါတ် ၂ ခေါင်းဆောင်နေရာသို့ တက်သွားပြီး လျူရှောက်ချီမှာ နံပါတ် ၂ နေရာမှ နံပါတ် ၈ နေရာသို့ ကျဆင်းသွားပြီး မော်ကို ဆက်ခံမည့်သူအဖြစ်မှ ပယ်ဖျက်ခံရလေတော့သည်။ ပါတီထိပ်တန်းခေါင်းဆောင်မှုကို အာဏာပိုင် တာဝန်ရှိသူများအဖြစ်မှ ဖြုတ်ချလိုက်ခြင်းမှာ တရုတ်ကွန်မြူနစ် တပါတီလုံး၏ ဗျူရိုကရေစီယန္တရားကို ဖျက်သိမ်းလိုက်ခြင်းနှင့် တပြိုင်နက်လို ဖြစ်ခဲ့လေသည်။ ပါတီဝင်များ၏ ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်ရသည့် ပါတီစည်းရုံးရေးဌာနကို ဖျက်သိမ်းလိုက်သည်။ ယဉ်ကျေးမှု တော်လှန်ရေးအုပ်စု-CRG (ဝင်ကေ့ကျီးထွမ်) ဆိုသည့် မော် အတွေးအခေါ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က သူ၏အတွေးအခေါ်များကို ဝါဒဖြန့် လှုံ့ဆော်ခြင်း၊ လူထု စီတန်းလှည့်လည် ထောက်ခံပွဲ ပြုလုပ်ခြင်းတို့ဖြင့် လူသိများ ထင်ရှားလာအောင် ပြုလုပ်လေသည်။ ပါတီ၏ ဝါဒဖြန့်ချိရေးဌာန အရာရှိများသည်လည်း ဖြုတ်ချခံကြရပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်အများအပြားကို ယဉ်ကျေးမှုတော်လှန်ရေး အုပ်စုသို့ လွှဲပြောင်းပေးလိုက်ကြရသည်။ မချိုမြိန်သော လက်စားချေခြင်း ၁၉၆၆ ခုနှစ် ဇွန်လတွင် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင် ဆူဆူပူပူ ဖြစ်စေရန် မော်က လှုံ့ဆော်ပြီးနောက် လျူရှောက်ချီက အလုပ်အဖွဲ့များ စေလွှတ်ကာ ပြဿနာများ ဖြေရှင်းပေးရန် ကြိုးစားခဲ့သည်။ လျူရှောက်ချီ၏ဇနီး ဝမ်ကွမ်းမေမှာ ပီကင်းရှိ ရှင်းဟွာတက္ကသိုလ်သို့ စေလွှတ်ခြင်းခံရသည့် အလုပ်အဖွဲ့တွင် အဖွဲ့ဝင်တဦး ဖြစ်သည်။ ထိုတက္ကသိုလ်တွင် အသက် ၂၀ အရွယ်ရှိ စစ်သွေးကြွကျောင်းသား “ခွိုင် တာ့ဖု” နှင့် ထိပ်တိုက်တိုးကြတော့သည်။ ခွိုင်၏ နိုင်ငံရေး အခြေခံရပ်တည်ချက်မှာ တရားမျှတမှု ရှိရေးသာ ဖြစ်သည်။ သူ အသက် ၁၃ နှစ်အရွယ် ကျေးလက်တောရွာတွင် ရှိစဉ်က အငတ်ဘေးသင့်ခဲ့ရာ အောက်ခြေအရာရှိများ၏ မတရားလုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဗဟိုသို့ အသနားခံစာ တင်ခဲ့ဖူးသည်။ ၁၉၆၆ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေးကြီး ဖြစ်ပွားသောအခါ မီဒီယာများမှတဆင့် သိလာရသည်မှာ ယဉ်ကျေးမှု တော်လှန်ရေးသည် အာဏာအတွက် တိုက်ပွဲဝင်ခြင်း ဖြစ်သည်ဟု သဘောပေါက်သွားပြီး “အလုပ်အဖွဲ့မှ အာဏာကို သိမ်းယူရေး” ဆိုသည်ကို ဆူပူလှုံ့ဆော်လေတော့သည်။ သို့ဖြစ်၍ ခွိုင်မှာ ကျောင်းသားအဆောင်တွင် လျူရှောက်ချီ၏ အမိန့်ဖြင့် အလုပ်အဖွဲ့က ၁၈ ရက်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရလေသည်။ သြဂုတ်လ ၁ ရက်နေ့ သန်းခေါင်ကျော် နှစ်ချက်တီးခန့်လောက်တွင် ခွိုင် အိပ်မောကျနေရာ အဆောင်သို့ ချူအင်လိုင်းကိုယ်တိုင် ရောက်လာလေရာ ခွိုင် အတော်တုန်လှုပ်သွားလေသည်။ ချူအင်လိုင်းက သူလာရောက်သည်မှာ ဥက္ကဋ္ဌ မော်က လွှတ်လိုက်သည့်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ အလုပ်အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး လာရောက်မေးမြန်းခြင်းဖြစ်ကြောင်း နွေးထွေးပျူငှာစွာ ဆက်ဆံတော့မှ နေသာထိုင်သာ ရှိသွားသည်။ ချူအင်လိုင်းနှင့်အတူ လက်ရေးတိုသမား ပါလာသော်လည်း ခွိုင်၏ ထွက်ဆိုချက်များကို ချူကိုယ်တိုင် ရေးမှတ်လေရာ နံနက် ၅ ထိုးသည်အထိ ၃ နာရီခန့်ကြာမှ ပြီးစီးလေသည်။ နောက်တရက် ညနေပိုင်းတွင် ပြည်သူ့ခန်းမဆောင်ကြီးသို့ လာရောက်ရန် ချူက ဖိတ်ကြားခဲ့ပြီး စကား ဆက်လက်ပြောကြားရာ နောက်ထပ် ၃ နာရီကြာမြင့်သည်။ ခွိုင်၏ အလုပ်အဖွဲ့နှင့်ပတ်သက်သည့် ပြစ်တင်ပြောကြားချက်များကို မော်က လျူရှောက်ချီနှင့်ဇနီး ဝမ်ကွမ်မေတို့ကို တိုက်ခိုက်ရာတွင် လက်နက်အဖြစ်လည်းကောင်း၊ လျူကိုတိုက်ခိုက်သည့် တိုက်ပွဲတွင် ခွိုင်ကို ပွိုင့်တပ်သားအဖြစ်လည်းကောင်း အသုံးပြုလေရာ ခွိုင်က လျူတို့ဇနီးမောင်နှံကို ပြန်လည်လက်စားချေခွင့် ရသွားလေတော့သည်။ ဇမ်ဘီယာသမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတ လျူရှောက်ချီတို့ တွေ့ဆုံအပြီး သြဂုတ်လ ၅ ရက်နေ့တွင် မော်က ချူအင်လိုင်းထံမှတဆင့် လျူကို ဖုန်းဆက်ပြောသည်။ ပြောကြားသည့်အကြောင်းမှာ လျူရှောက်ချီအနေဖြင့် နောက်ထပ် ညွှန်ကြားချက် တစုံတရာ မရမချင်း နိုင်ငံခြားသားဧည့်သည် လက်ခံတွေ့ဆုံခြင်း မပြုရန်နှင့် လူထုရှေ့မှောက် လူလုံးပြခြင်း မလုပ်ရန်တို့ ဖြစ်လေသည်။ အဟောင်းလေးမျိုး ဖျက်ဆီးရေး (စစ်လောဝ် တဲ့ ဖော့ဝှိုက်) ၁၉၆၆ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ပါတီဗဟိုကော်မတီက “မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်” ဆိုသည်ကို ထုတ်ပြန်လေသည်။ နောက်ပိုင်းကာလတွင် “တစ်ဆယ့်ခြောက်ချက်” ဟု လူသိများသည်။ အဆိုပါဆုံးဖြတ်ချက်တွင် “ယဉ်ကျေးမှုတော်လှန်ရေးဆိုသည်မှာ ကျနော်တို့တိုင်းပြည်၏ ဆိုရှယ်လစ်တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုတွင် ပြည်သူလူထု၏ နှလုံးဝိညာဉ်ကို ထိခတ်စေပြီး နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့် အဆင့်တခုထိ ရောက်ရှိမည့် ကြီးမားသည့် တော်လှန်ရေးတခု ဖြစ်သည်။”  ဟု အဓိပ္ပာယ်ဖွင့်ဆိုထားလေသည်။ “အရင်းရှင်လူတန်းစားသည် တွန်းလှန်ဖြိုဖျက်ခံလိုက်ရပြီး ဖြစ်သော်လည်း သွေးစုပ်သော ထိုလူတန်းစားက ပြည်သူလူထု၏ စာရိတ္တကို ဖျက်ဆီးရန်နှင့် သြဇာလွှမ်းမိုးပြီး အာဏာပြန်လည်ရရှိလာစေရန်အတွက် အတွေးအခေါ်ဟောင်းများ၊ ယဉ်ကျေးမှုအဟောင်းများ၊ ဓလေ့ထုံးစံအဟောင်းများနှင့် အကျင့်ဟောင်းများကို အသုံးပြုရန် ကြိုးစားဆဲဖြစ်သည်။ ပစ္စည်းမဲ့လူတန်းစားက ပြောင်းပြန်ကျင့်သုံးရမည်။ လူ့အဖွဲ့အစည်း၏ အမြင်များကို ပြောင်းလဲပစ်ရန် အရင်းရှင်လူတန်းစား၏ စိန်ခေါ်မှုမှန်သမျှကို ကျနော်တို့ ထိပ်တိုက်ရင်ဆိုင်ကြရမည်။ လက်ငင်းအားဖြင့် ကျနော်တို့၏ ရည်မှန်းချက်မှာ အာဏာပိုင် အဖွဲ့အစည်းများတွင် ရှိနေသော အရင်းရှင်လမ်းကြောင်း လျှောက်သူများကို ဆန့်ကျင်တိုက်ပွဲဝင်ကာ ချေမှုန်းပစ်ကြရမည်။ ဖောက်ပြန်သော ဘူဇွာလူတန်းစားနှင့် သွေးစုပ်သော လူတန်းစားများ၏ သဘောတရားများဖြင့် ပညာရေး၊ ယဉ်ကျေးမှု အနုပညာနှင့် ဆိုရှယ်လစ်စီးပွားရေး အခြေခံအုတ်မြစ်နှင့် လိုက်လျောညီထွေမရှိသည့် အခြားသော အပေါ်ထပ် အဆောက်အဦဆိုင်ရာ အစိတ်အပိုင်းများကို ဝေဖန်ရှုတ်ချ ငြင်းပယ်ကြရမည်။ သို့မှသာ ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုကို ရှင်းလင်းလွယ်ကူစေမည် ဖြစ်သည်။” ဟုဆိုလေသည်။ “တစ်ဆယ့်ခြောက်ချက်” ၏ ဂယက်ရိုက်ခတ်မှုများသည် လွန်စွာကျယ်ပြန့်လှသည်။ မူလက ကျောင်းသားလှုပ်ရှားမှုတခုအဖြစ်သာ ရှိခဲ့ရာမှ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သားများနှင့် အောက်ခြေ ပါတီလုပ်သားများကို သွေးထိုးလှုံ့ဆော်ထကြွစေကာ အာဏာပိုင်များကို စိန်ခေါ်လျက် လူ့အဖွဲ့အစည်း၏ အပေါ်ထပ်အဆောက်အဦကို ပြန်လည်ပုံသွင်းရေး နိုင်ငံလုံးဆိုင်ရာ လူထုအုံကြွမှုကြီးအဖြစ် ထွက်ပေါ်လာလေသည်။ ၁၉၆၆ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တပ်ဖွဲ့နီ တသန်းကျော်တို့သည် ပီကင်းရှိ ထင်အန်းမိန့်ရင်ပြင်၌ စုရုံးကြလျက် ဥက္ကဋ္ဌ မော်စီတုံးထံ ဗိုလ်ရှုခံဝင်ကြသည်။ ထိုသြဂုတ်လ ၁၈ ရက်နေ့က လင်ပြောင်းသည် စင်မြင့်၏အလယ်တွင် နေရာယူလျက် တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုကို နှောင့်ယှက်ဟန့်တားသည့် တရုတ်လူ့အဖွဲ့အစည်းတွင်းရှိ ရန်သူများကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့လေသည်။ မော်သည် သူ၏လက်မောင်းတွင် လက်ပတ်နီကို ဝတ်ဆင်ခြင်းဖြင့် တပ်ဖွဲ့နီတို့နှင့် ပူးပေါင်းလိုက်ပြီး ၎င်းတို့၏ အရေးတော်ပုံကို အားဖြည့်လိုက်သည်။ ၁၉၆၆ ခုနှစ် သြဂုတ်လနှင့် နိုဝင်ဘာလအတွင်း လူဦးရေ ၁၂ သန်းထိ ပါဝင်သော လူထုစုရုံး ချီတက်မှုကြီး ၈ ခုပြုလုပ်ခဲ့ရာ အများစုမှာ တပ်ဖွဲ့နီများ ဖြစ်ကြသည်။ တပ်ဖွဲ့နီများက တနိုင်ငံလုံး လှည့်ပတ်သွားလာလျက် တော်လှန်ရေးအတွေ့အကြုံများ အချင်းချင်း မျှဝေခြင်းကို နိုင်ငံတော်အစိုးရက အကုန်အကျခံလေသည်။ မော်၏ ၇၃ နှစ်မြောက် မွေးနေ့အကြိုနေ့ဖြစ်သော ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ခွိုင်သည် တပ်နီလူငယ် ၅၀၀၀ ကျော်ကို စုရုံးခေါင်းဆောင်ပြီး လောက်စပီကာများ တပ်ဆင်ထားသည့် ထရပ်ကားများဖြင့် ပီကင်းမြို့တွင်းသို့ လှည့်လည်ကာ “လျူရှောက်ချီ ကျဆုံးပါစေ” ဟု ကြွေးကြော်ကြလေသည်။ ဤသို့သော ပုံမှန်မဟုတ်သည့် ဆန္ဒပြမှုက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတကြီးမှာ ရန်သူအဖြစ် အသတ်မှတ်ခံရတော့မည်ဆိုသည့် နိမိတ်လက္ခဏာ ဖြစ်သည်။ အစိုးရမီဒီယာများတွင် မဖော်ပြသေးဘဲ ဆန္ဒပြသူများက ထိုသို့ ဦးစွာ အော်ဟစ်ကြခြင်းမှာ လျူရှောက်ချီကို တိုက်ခိုက်ဖြုတ်ချခြင်းသည် လူထု၏ တောင်းဆိုချက်ကြောင့် ဖြစ်သည်ဟု အကြောင်းပြနိုင်ရန် ဖြစ်လေသည်။ ဤအချိန်မှစ၍ လျူတို့ ဇနီးမောင်နှံမှာ နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခံရလေတော့သည်။ လျူရှောက်ချီမှာ ထောင်တွင်းတွင် သုံးနှစ်တာမျှ စိတ်ရောကိုယ်ပါ ညှဉ်းပန်းနှိပ်စက်ခံရပြီး ၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သေဆုံးသွားလေသည်။ တပ်ဖွဲ့နီတို့၏ စီတန်းလှည့်လည်ပွဲများတွင် လင်ပြောင်းကလည်း အဟောင်းလေးမျိုး ဖျက်ဆီးရေး (အတွေးအခေါ်ဟောင်း၊ ယဉ်ကျေးမှုအဟောင်း၊ ဓလေ့ထုံးစံအဟောင်းနှင့် အကျင့်ဟောင်းများ) ဆိုသည်ကို ဟောပြောလှုံ့ဆော်ခဲ့သည်။ လင်ပြောင်း၏ မိန့်ခွန်းများမှာ သွေးထိုးလှုံ့ဆော်မှုအပြည့် ပါသော်လည်း လှုပ်ရှားမှုအတွင်း မည်သည့်အရာကို ဖျက်ဆီးရမည်ဆိုသည့် အသေးစိတ် ခွဲခြားစိတ်ဖြာပြမှုမျိုး မပါရှိပေ။ မော်၏ ယုံကြည်ချက်မှာ အကြီးအကျယ် ဝရုန်းသုန်းကားဖြစ်မှုကို ဖန်တီးလိုက်ခြင်းဖြင့် ဦးတည်ချက်ကို လူထုက မိမိတို့ဘာသာ အလိုအလျောက်သိရှိ ထိန်းကျောင်းလာနိုင်လိမ့်မည်။ ဘာလုပ်ရမည် ဆိုသည်ကို အာဏာပိုင်များက ပြောရန်မလိုဟု ယူဆသည်။ အကျိုးဆက်အားဖြင့် လူထုလှုပ်ရှားမှုသည် အထိန်းအကွပ်မဲ့ကာ ပရမ်းပတာ ဖြစ်သွားလေတော့သည်။ “အဟောင်းလေးမျိုး” ဖျက်ဆီးရေးနှင့်ပတ်သက်သော အချို့သော အပြောင်းအလဲ လှုပ်ရှားမှုများမှာ ပြဿနာမကြီးလှပေ။ ဥပမာအားဖြင့် မြို့တွင်းရှိ လမ်းအမည်၊ နေရာဒေသ အမည်နှင့် လူပုဂ္ဂိုလ်အမည်များ ပြောင်းလဲရေးတို့ ဖြစ်ကြပြီး မွေးဖွားလာသော ကလေးများကိုပင် “ကေ့မင်” (တော်လှန်ရေး) ဆိုသည့် အမည်ပေးကြသူ သန်းပေါင်းများစွာ ရှိခဲ့ကြသည်။ တပ်ဖွဲ့နီများက ပြင်းထန်စွာ တိုက်ခိုက်သည့် အခြား အဟောင်းဖျက်ဆီးရေးများမှာကား ဆိုးရွားလှသည်။ အထူးသဖြင့် ယဉ်ကျေးမှုနှင့် ဘာသာရေးနယ်ပယ်တို့နှင့် ပတ်သက်သော ကိစ္စများတွင် ဖြစ်သည်။ သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များ ကြွယ်ဝသော ပီကင်းလိုနေရာမျိုးတွင် သမိုင်းအမွေအနှစ်နေရာ ထောင်ပေါင်းများစွာမှာ ဖျက်ဆီးခြင်း ခံရလေသည်။ တပ်ဖွဲ့နီများက ရှန်းတုံးပြည်နယ်၊ ချူဖုမြို့ရှိ ကွန်ဖြူးရှပ် ဘုရားကျောင်းကိုလည်း ဝင်ထွက်ခွင့်မရအောင် ပိတ်ဆို့ထားခဲ့ကြလေသည်။ ဘာသာရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ချိုးဖောက်ဖျက်ဆီးသည့် ဤကာလပျက်ကြီးအတွင်း ပီကင်းနော်မယ် တက္ကသိုလ်ကျောင်းသား တပ်ဖွဲ့နီများသည် ကွန်ဖြူးရှပ် မြှုပ်နှံထားရာ ဂူဗိမာန်နှင့် အခြားသော သမိုင်းဝင်ဂူဗိမာန်များ၊ အနုပညာလက်ရာများကို ရိုင်းပျစွာ မရိုမသေပြုလျက် ဖျက်ဆီးခဲ့ကြသည်။ ၇၆ ဆက်မြောက် မှူးမတ်ကြီး ယန်စင်း (Duke Yanshen) ၏ ရုပ်ကွင်းအလောင်းမှာ ၎င်း၏ဂူအတွင်းမှ​ ဖယ်ရှားခံရပြီး ဝစ်လစ်စလစ်ဖြင့် ဂူဗိမာန်အရှေ့ရှိ သစ်ပင်တပင်တွင် ချိတ်ဆွဲထားခြင်း ခံရလေသည်။ သမိုင်းဝင် နိုင်ငံခြားစာအုပ်စာတမ်းများ အပြည့်ရှိသည့် စာကြည့်တိုက်များရှိ စာအုပ်များမှာလည်း မီးရှို့ဖျက်ဆီးခံကြရသည်။ ဗုဒ္ဓဘာသာ စေတီပုထိုးများ၊ ခရစ်ယာန် ဘုရားကျောင်းများ၊ အစ္စလာမ် ဗလီများ၊ ဘုန်းတော်ကြီးကျောင်းများ အားလုံးကို ပိတ်ထားလိုက်ကြပြီး လုယက်ခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် တခါတရံတွင် အခြားကိစ္စရပ်များအတွက် ပြောင်းလဲအသုံးပြုခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြသည်။  ဗုဒ္ဓဘာသာကို အယူသီးမှုတရပ်အဖြစ် ပုံဖော်ခြင်း၊ ခရစ်ယာန်ဘာသာရေး ဆိုသည်ကို နိုင်ငံခြားသြဇာ ထိုးဖောက်ဝင်ရောက်မှုအတွက် လက်နက်တခုနှင့် သွေးစုပ်သူ လူတန်းစားအတွက် ဘိန်း၊ လက်နက်တခုဖြစ်ကြောင်း ဝါဒဖြန့်ကြသည်။ သင်းအုပ်ဆရာများမှာ ဖမ်းဆီးကာ စခန်းများသို့ အပို့ခံကြရသည်။ သေနတ်ပြောင်းဖြင့် အတေ့ခံထားရသော တိဘက်ဘုန်းတော်ကြီး အများအပြားမှာ ၎င်းတို့၏ ဘုန်းတော်ကြီးကျောင်းများကို ဖျက်ဆီးရေးတွင် ပါဝင်ရန် ဇွတ်အတင်းအဓမ္မ စေခိုင်းခံကြရသည်။ တပ်ဖွဲ့နီများသည် ၁၉၆၈ ခုနှစ် ဇူလိုင်လအထိ နှစ်နှစ်ကြာ (အချို့ဒေသများတွင် ထို့ထက် ပိုမိုကြာရှည်သည်) မျှ ၎င်းတို့၏ အာဏာအဝန်းအဝိုင်းကို တိုးချဲ့ခဲ့ကြပြီး ဆိုရှယ်လစ် ပြန်လည်တည်ဆောက်ရေး ဆိုသည်ကို အရှိန်မြှင့်တင်ခဲ့ကြလေသည်။ သူတို့သည် ဆိုရှယ်လစ်စနစ်ကို အားကောင်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သူတို့လုပ်ဆောင်ချက်များကို ရှင်းလင်းရေးသားထားသည့် လက်ကမ်းစာရွက်စာတမ်းများ ဖြန့်ဝေခြင်းဖြင့် အလုပ်စကြသည်။ ထို့နောက်ပိုင်းတွင် သံသယရှိသော “တန်ပြန်တော်လှန်ရေးသမား” (ဖန်ကေ့မင်) များ စာရင်းကို သတင်းကြော်ငြာသင်ပုန်းများတွင် ကပ်လိုက်ကြသည်။ သူတို့သည် အုပ်စုကြီးများအဖြစ် စုရုံးဖွဲ့စည်းကြပြီး ဆွေးနွေးငြင်းခုံပွဲများ ကျင်းပခြင်း၊ ပညာပေး ပြဇာတ်များ ရေးသားကပြခြင်းတို့ ပြုကြသည်။ သူတို့သည် လူထုအစည်းအဝေးကြီးများ ကျင်းပပြီး သံသယရှိသည့် တန်ပြန်တော်လှန်ရေးသမား ဆိုသူများကို လူပုံအလယ်တွင် ဝေဖန်ထိုးနှက်ခြင်း၊ မိမိကိုယ်ကိုယ် ဝေဖန်ရေး ပြုလုပ်စေခြင်းတို့ကို ပြုလုပ်ကြလေသည်။ တော်လှန်ရေးလမ်းညွှန် အိတ်ဆောင်စာအုပ်နီလေးများ တပ်ဖွဲ့နီများက လက်စွဲလမ်းညွှန်အဖြစ် ခံယူခဲ့ကြသော စာအုပ်နီ (ဥက္ကဋ္ဌမော်၏ သြဝါဒများ) ကလေးများထဲတွင် မော်က “ကမ္ဘာကြီးဟာ ကျနော်တို့အတွက်လည်း ဖြစ်သလို ခင်ဗျားတို့အတွက်လည်း ဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံး နိဂုံးချုပ်လိုက်ရင် ခင်ဗျားတို့အတွက်ပါပဲ။ ခင်ဗျားတို့ လူငယ်တွေဟာ ယုံကြည်မျှော်လင့်ချက် အင်အားအပြည့်အဝနဲ့ လူ့ဘဝထဲကို ဝင်ရောက်လာခဲ့ကြတာဟာ မနက် ရှစ်နာရီ၊ ကိုးနာရီမှာ ထွက်ပေါ်လာတဲ့ နေမင်းကြီးလိုပါပဲ။ ခင်ဗျားတို့အပေါ်ကို ကျနော်တို့ ယုံကြည် မျှော်လင့်တယ်။ ကမ္ဘာကြီးကို ခင်ဗျားတို့ပိုင်တယ်။ တရုတ်ပြည်ရဲ့ အနာဂတ်ကို ခင်ဗျားတို့ပိုင်တယ်။”  ဟု ရေးသားထားလေသည်။ ၁၉၆၇ ခုနှစ် ဒီဇင်ဘာလအထိ အဆိုပါ အိတ်ဆောင်စာအုပ်နီကလေးပေါင်း သန်း ၃၅၀ ကို ရိုက်နှိပ်ဖြန့်ဝေခဲ့သည်။ ဤသည်ကား တပ်ဖွဲ့နီများက တရုတ်ပြည် အနာဂတ်အရေးအတွက်ဟု ဆိုကာ ၎င်းတို့၏ ရည်မှန်းချက်များကို တလွဲ အကောင်အထည်ဖော်နေကြပုံများ ဖြစ်လေသည်။ တပ်ဖွဲ့နီများကို လမ်းညွှန်ပြုသည့် အဆိုပါသြဝါဒများမှ မော်စီတုံးထံမှ တိုက်ရိုက်လာခြင်း ဖြစ်သည်။ တဆယ့်ခြောက်ချက်နှင့် တခြားသော လမ်းညွှန်ချက်များ ရှိသော်လည်း ဗဟိုရှိ မော်ဝါဒီခေါင်းဆောင်များက “ဝူသို့” ခေါ် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခြင်းကို တားမြစ်ထားပြီး “ဝင်သို့” ခေါ် နှလုံးရည်တိုက်ပွဲ တနည်းအားဖြင့် စကားလုံးတိုက်ပွဲကိုသာ ခွင့်ပြုလေသည်။ အစဦးပိုင်းတွင် စကားလုံးဖြင့်သာ အပြန်အလှန် ဝေဖန်တိုက်ခိုက်ကြသည့် တက်ကြွလှုပ်ရှားသူ အုပ်စုများမှာ မကြာခဏ သွေးထွက်သံယို ပဋိပက္ခများ ဖြစ်လာကြသည်။ အထူးသဖြင့် ၁၉၆၇ ခုနှစ်က ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ လက်နက်များ သိမ်းပိုက်ရရှိသည့်နောက်ပိုင်းမှ စတင်ကာ လက်နက်များကို အသုံးပြုလာကြသည်။ ဗဟိုရှိ မော်ဝါဒီခေါင်းဆောင်များသည် တက်ကြွလှုပ်ရှားသူများ၏ သွေးထွက်သံယို တိုက်ခိုက်မှုများကို စကားလုံးတိုက်ပွဲအဖြစ် ပြောင်းရန် အကန့်အသတ်ဖြင့် ဝင်ရောက်စွက်ဖက်ကြသော်လည်း တခါတရံတွင်မူ လက်ရုံးရည်တိုက်ပွဲအဖြစ် ရောက်ရှိအောင် အားပေးတိုက်တွန်းသည်များလည်း ရှိခဲ့သည်။ ထိုဖြစ်စဉ်မှာ ၁၉၆၉ ခုနှစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ လူထုလှုပ်ရှားမှုကို ဝင်ရောက်စွက်ဖက်ခဲ့သည့် ကာလအထိ ဖြစ်ပွားခဲ့လေသည်။ ရဲထွန်း (သီပေါ) Source: Wikipedia / The Unknown Story of Mao by Jung Chang and Jon Halliday

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up