အကျဉ်းသားများကို အငြိုးအတေးထားမဆက်ဆံရန် လူ့အခွင့်အရေးကော်မရှင်တောင်းဆို
ပိုင်စိုး
·
January 23, 2018
လူ့အခွင့်အရေးကော်မရှင်က တွေ့ဆုံမေးမြန်းခဲ့တဲ့ အကျဉ်းသားတွေကို အငြိုးအတေးထား ဆက်ဆံတာမလုပ်ဖို့၊ တွေ့ဆုံစဉ်က ထုတ်ပေးထားတဲ့ ဝတ်စုံတွေပြန်မသိမ်းဖို့ စတာတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်နဲ့ ပေါင်းတည်က အကျဉ်းထောင်၊ အချုပ်ခန်းတွေကို သွားရောက် စစ်ဆေးအပြီး ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ခေါ်ယူတွေ့ဆုံမေးမြန်းတဲ့ အကျဉ်းသားတွေကို အငြိုးအတေးထားပြီး ဆက်ဆံတာ၊ တခြားအကျဉ်းထောင်တွေကို ပြောင်းရွှေ့တာ အပါအဝင် လက်တုံ့ပြန်တာ မလုပ်ဖို့၊ ဝတ်စုံမလုံလောက်သူတွေကို ထုတ်ပေးဖို့နဲ့ ကော်မရှင်လာရောက်တုန်းက ထုတ်ပေးထားတဲ့ ပုံစံဝတ်စုံတွေကို ပြန်မသိမ်းဖို့ စတဲ့ အချက်တော်တော်များများကို တောင်းဆိုထားပါတယ်။
ကော်မရှင်ဟာ ပြီးခဲ့တဲ့နှစ်က အကျဉ်းထောင် ၂၆ ထောင်ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ ထောင်တော်တော်များများမှာ မိလ္လာစနစ်မကောင်းတာကို တွေ့ခဲ့ရတယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
“မြင်းခြံထောင်မှာဆိုရင်မိလ္လာလိုင်းက ပိုက်နဲ့ သွားတာ မဟုတ်ဘဲ မြောင်းနဲ့သွားတာဆိုတော့ တထောင်လုံးနံနေတာပေါ့။ တချို့ကလည်း ပိုက်လိုင်းနဲ့ လုပ်ထားတာရှိတယ်” လို့ ပြောပါတယ်။
ပြည်အကျဉ်းထောင်က မိလ္လာပိုက်တွေမှာ မိလ္လာတွေမဆင်းဘဲ ပိတ်ဆို့နေပြီး ပုံးတွေနဲ့ ခပ်ထုတ် စွန့်ပစ်နေရတယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် စာကြည့်တိုက်တွေမှာလည်း စာအုပ်တွေ ထပ်ဖြည့်ပြီး လွတ်လွတ်လပ်လပ် ဖတ်ရှုခွင့် ပြုဖို့ကိုလည်း တောင်းဆိုထားပါတယ်။
အကျဉ်းသားအချင်းချင်းရန်ဖြစ်ရင်၊ ပြဿနာဖြစ်ရင် တခြားအခန်းက တန်းစီးတွေက ဝင်ရောက်ထိုးကြိတ်တာတွေရှိနေပြီး ဒါကို တာဝန်ရှိသူတွေက ကြပ်မတ်ဖို့လည်းတိုက်တွန်းပါတယ်။
ကျန်းမာရေးအတွက်လည်း ကြမ်းပိုးနဲ့ခြင်တွေရှိနေလို့ ဆေးဖြန်းပေးဖို့၊ ယားနာပေါက်နေသူတွေကို ဆေးလုံလုံလောက်လောက်ပေးဖို့၊ တီဘီရောဂါသည်တွေကို ဖြည့်စွက်စာကျွေးဖို့နဲ့ ကိုယ်လက်လှုပ်ရှားချိန်ပေးဖို့ စတာတွေကို တောင်းဆိုထားပါတယ်။
စစ်ဆေးပြီးခဲ့သလောက်ထောင်တွေမှာ လက်ခံနိုင်တဲ့လူဦးရေ ပမာဏထက် အဆမတန် ပိုများနေတာကြောင့် စိစစ်လွတ်ငြိမ်းခွင့်ပေးဖို့လည်း မကြာသေးခင်ကပဲ သမ္မတကို ကော်မရှင်က စာနဲ့တင်ပြ အကြံပြုထား ပါတယ်။