၂၁ ရာစုပင်လုံ တတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်ရက် ရွှေ့ဆိုင်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အဆင်မချောတာနဲ့ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တွေ ပါဝင်လက်မှတ်ထိုးနိုင်အောင် ကြိုးပမ်းနေတာကြောင့် အခုလကုန် ကျင်းပမယ့် ၂၁ ရာစုပင်လုံ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက အပစ်ရပ် လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပိုမိုပါဝင်လာနိုင်ဖို့ ညီလာခံကျင်းပမယ့် ရက်ရွှေ့လိုက်တာလို့ ပြောပါတယ်။
“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာလည်း အဆင်မချောတာလေးတွေ နည်းနည်း ကျန်နေတယ်။ ပြီးတော့ လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေလည်း ထိုးနိုင်အောင် ကျနော်တို့က ကြိုးစားနေတယ်။ အခုပဲ ၂၂ ရက် ရှိပြီဆိုတော့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီး ကျန်သေးတော့ ဒီလထဲ မဖြစ်နိုင်တော့ဘူး၊ နောက်လထဲပဲ သွားလိမ့်မယ်။”
ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ ပတ်ဝန်းကျင်မှာလုပ်ဖို့ လျာထား ကြိုးပမ်း လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အရင်က ဇန်နဝါရီလကုန်ပိုင်း လုပ်ကြဖို့ အစိုးရနဲ့ အပစ်ရပ်တပ်ဖွဲ့ ၈ ဖွဲ့တို့ သဘောတူခဲ့ကြပေမယ့် ဒီအတောအတွင်း လုပ်ခဲ့တဲ့ အကြိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တပ်မတော်က လိုက်လံဟန့်တားခဲ့လို့ ဆွေးနွေးပွဲတွေ ပျက်ခဲ့ပါတယ်။
အဲဒီနောက် အပစ်ရပ်တပ်ဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ ချင်းမိုင်မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ကျင်းပဖို့ ကျန်နေသေးတဲ့ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်စတင်နိုင်ပြီးမှပဲ ညီလာခံလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီနောက် အစိုးရဘက်က ဇန်နဝါရီလကုန် လုပ်မယ့် တတိယအကြိမ် ညီလာခံကို အကြောင်းနှစ်ခု ပြပြီး အခုလို ရက်ရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် သြဂုတ်လနဲ့ ၂၀၁၇ မေလတွေမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွေ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ညီလာခံမှာ ဆုံးဖြတ်ချက် ၃၇ ခုကို သဘောတူ အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။