ပြည်ကြီးတံခွန်မြို့နယ်တွင် လူနေအိမ်အချို့ ဖျက်ဆီးခံရ
ပီတာအောင်
·
May 4, 2012
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက် တံခွန်တိုင် အ၀ိုင်းပတ်ကြီးအနားက လူနေအိမ်အလုံး ၂၀ လောက် အဖျက်ခံရလို့ မိသားစု ၂၀ လောက်က လူဦးရေ ၁၀၀ ၀န်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ အိမ်ဖျက်ခံရတဲ့ မိသားစုတွေက ပြောပါတယ်။
မေ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ မြို့နယ်အုပ်ချုပ်ရေး၊ တရားရေးဌာနနဲ့  ရဲလုံခြုံရေးတွေက အလုပ်သမားတွေ ငှားရမ်းပြီး လူအင်အားနဲ့ လာရောက်ကာ ထရံကာ မြေစိုက်အိမ်တွေကို ဖျက်သွားတာလို့ နေအိမ်အဖျက်ခံရတဲ့ အမျိုးသမီး တဦးက ပြောပါတယ်။
“တနာရီအတွင်း ဒီဟာတွေအကုန်ဖျက်ပေးရမယ်ဆိုပြီးတော့ နှုတ်မိန့်နဲ့ပဲ ပြောပြီး ဖျက်သွားတာ။ ခုချိန်ထိ မပြီးသေးဘူး ဖျက်နေတုန်းပဲ။ တရကြမ်း လုပ်နေကြတာ။ မြို့နယ်ရုံးက စာရေးပါတယ်။ ရဲပါတယ်၊ လုံခြုံရေးတွေရောပါတယ်။ အလုပ်သမားတွေလည်း ပါတယ်။ ကား တွေနဲ့လာကြတာ။ ဒီအိမ် ဒီအိမ်တွေ ဖျက်မယ်ဆိုပြီး ၀င်ပြီးတော့ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ အကုန်လုံး ဖျက်လိုက်တော့တာပဲ။”
ရန်ကုန်-မန္တလေး လမ်းဘေးအနီးရှိတဲ့ ဒီမြေကွက်နေရာတွေ၊ အိမ်ဖျက်ခံရသူတွေဟာ ဆယ်စုနှစ်တွေနဲ့ ချီနေထိုင်ခဲ့တာဖြစ်ပြီး နာမည်အဆင့်ဆင့် လွှဲပြောင်းဝယ်ယူ နေထိုင်လာတာပါ။ အရင် ကတော့ ဒီနေရာဟာ စည်ကားခြင်းမရှိတဲ့ ရွာငယ်တွေဖြစ်ပြီး ခုတော့ အတော်အတန် စည်ကားနေပြီ ဖြစ်ပါတယ်။
ဒီမြေကွက်တွေဟာ ဦးဘိုင်ဆိုတဲ့ အဖိုးအိုတဦးရဲ့ အမည်ပေါက် မြေကွက်တွေဖြစ်ပြီး ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အိမ်ဖျက်ခံရသူတွေနဲ့ နှစ်ပေါင်းများစွာ အမှုအခင်း ဖြစ်ပွားခဲ့တာပါ။ နောက်ဆုံး မှာတော့ လက်ရှိ နေထိုင်နေသူတွေ အမှုရှုံးနိမ့်ပြီးနောက် အခုလို ဖျက်ခံရတာပါ။
အခုလို နေအိမ်တွေ ဖျက်ဆီးခံရလို့ မိသားစုတွေဟာ နေစရာ နေရာ အခက်အခဲနဲ့ ရင်ဆိုင်နေကြ ရပါတယ်။
အိမ်ဖျက်ခံရတဲ့အမျိုးသမီးတဦးက “ဒီရှေ့မှာပဲ အားလုံး ပစ္စည်းတွေလည်း ပုံထားတယ်။ လူတွေလည်း နေစရာ မရှိတော့ လမ်းဘေးမှာ အကုန်လုံး စုပြုံပြီးတော့၊ တရွာလုံးက ထွက်လာပြီး လမ်းမှာလည်း လူပြည့်နေတယ်။ အုန်းအုန်းကျွက်ကျွက်ဖြစ်နေတယ်။ အားလုံးကလည်း မခံချင်ဖြစ်နေကြတယ်” လို့ ပြောပါတယ်။
နေအိမ်တွေမှာ ပြန်ပြီး နေထိုင်ခွင့်ရဖို့အတွက် တရားဥပဒေအတိုင်း ဆက်ပြီး လုပ်ဆောင် တောင်းဆို သွားမယ်လို့ အိမ်ဖျက်ခံရသူတွေက ပြောပါတယ်။