ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ရတနာပုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြတောင်းဆို





1.5K
၂၀၁၈ ပညာသင်နှစ်အတွက် ပညာရေးအသုံးစရိတ်တိုးမြှင့်ချပေးဖို့ မန္တလေး ရတနာပုံ တက္ကသိုလ်ဗကသကျောင်းသားတွေက ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ရတနာပုံတက္ကသိုလ် ဗကသကျောင်းသား ကိုရဲမျိုးဆွေက “တပ်မတော် အသုံးစရိတ်နဲ့ ၆ လစာနဲ့ ပညာရေးအတွက်ချပေးတဲ့ ဘက်ဂျက်ဟာ အဆမတန် ကွာခြားလွန်းနေတယ်။ ဒါကြောင့် ပညာရေးစရိတ်တိုးမြင့်ပေးဖို့ကို သက်ဆိုင်ရာ ပညာရေးဌာနက ဝန်ကြီးဌာနတွေအနေနဲ့ အမြန်ဆုံးချထားပေးဖို့ တောင်းဆိုရတာဖြစ်တယ်”လို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာထိ ၆လတာ ကာလအတွက် စစ်ဆင်ရေးအသုံးစရိတ်အဖြစ် ကျပ်ငွေ ၂ ဘီလီယံကျော် လွှတ်တော်မှာ တောင်းခံထားပါတယ်။
ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးတိုက်ပွဲကော်မတီကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ရတနာပုံတက္ကသိုလ်မှ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်၊ ရမည်းသင်းတက္ကသိုလ်မှ ကိုရာဇာထွန်း၊ ကလေးတက္ကသိုလ်မှ ကိုသူရိန်ထွန်း၊ မိတ္ထီလာတက္ကသိုလ်မှ ကိုမင်းထက်မြတ်အပါအဝင် အဖွဲ့ဝင် ၁၀၀ ကျော်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး၊ ကျောင်းအတွင်းအဆောင်များတည်ဆောက်ပေးရေး၊ သင်ထောက်ကူပစ္စည်းလုံလောက်စွာချပေးရေးတိုကို အဓိကတောင်းဆိုခဲ့ကြပါတယ်။
မန္တလေးရတနာပုံတက္ကသိုလ်၊ မြင်းခြံ၊ မိတ္ထီလာ၊ ကလေး၊ ရမည်းသင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ တောင်ငူ၊ ကျောက်ဆည်၊ စစ်ကိုင်းစတဲ့ တက္ကသိုလ်ကျောင်းတွေက ဗကသတွေ ပါဝင်တောင်းဆို ခဲ့ပါတယ်။