A d v e r t i s e m e n t With Us

ဖားကန့်တွင် ရေကန်ပေါက်၍ ၅ ဦး ရေထဲမျှောပါသေဆုံး၊ ပျောက်ဆုံးသူများကို ဆက်ရှာနေ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေကျေးရွာအနီးက မြဥယျာဉ် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီရဲ့ လုပ်ကွက်မှာ ဇန်န၀ါရီ ၂၀ ရက်နေ့က ရေကန်ပေါက်ကျမှုကြောင့် ၅ ဦး သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ မနေ့က ရေကန်ပေါက်ကျမှုကြောင့် သေဆုံးသွားတဲ့ အလောင်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ အရပ်ဘက် လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်း ရှာဖွေရာမှာ ရေမျောသေဆုံးနေတဲ့ အလောင်း ၅ လောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက “မနေ့က ဖော်လို့ရတာကတော့ ၅ လောင်းပေါ့။ ကုမ္ပဏီက ၂ လောင်းပါတယ်။ ၃ လောင်းက ရေမဆေး အလောင်း၊ လူပျောက်လာပြောထားတာက ရှစ်ယောက်ရှိတယ်။ ခုတွေ့တဲ့ ၅ လောင်းက ၁ လောင်းက ပိုင်ရှင်မရှိဘူး။ ခုပုံအတိုင်းဆို ပျောက်နေတာ ၉ ယောက်တောင် ဖြစ်မယ်ထင်တယ်” လို့ လို့ ပြောပါတယ်။ ဆယ်ယူရရှိတဲ့ အလောင်းတွေထဲမှာ ပျောက်ဆုံးနေတဲ့ ကုမ္ပဏီဝန်ထမ်း ၄ ဦးအနက် ၂ လောင်းပါဝင်ပြီး ကျန်တဲ့အလောင်း ၃ လောင်းကတော့ ရေမဆေးလုပ်သားတွေရဲ့ အလောင်းတွေ ဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက အတည်ပြုပြောဆိုခဲ့ပါတယ်။ မြဥယျာဉ် ကုမ္ပဏီတာဝန်ခံက  “ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပျောက်ဆုံးနေသေးတဲ့ ကုမ္ပဏီဝန်ထမ်း ၂ ဦးရဲ့ အလောင်းတွေကို ဆက်လက်ရှာဖွေမယ်” လို့လည်း ဒီဗွီဘီကို ပြောပါတယ်။ အလောင်းတွေကို ရှာဖွေရာမှာ ရွှံ့ရည်တွေ ဖြစ်နေတာကြောင့် စက်ယန္တရားတွေနဲ့ ရှာဖွေလို့မရပဲ လက်လှော်လှေငယ်တွေနဲ့ပဲ ရှာဖွေနေရတယ်လို့လည်း ပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဇန်နဝါရီလ ၄ ရက်မှ ၂၀ ရက်နေ့အထိ အခုဖြစ်စဉ် အပါအဝင် မြေစာပြိုမှု၊ ကမ်းပါးပြိုမှု၊ ရေကန်ပေါက်ကျမှု ၄ ကြိမ်ဖြစ်ခဲ့ပြီး လူပေါင်း ၂၀ သေဆုံးခဲ့ပါတယ်။ သတင်း - ဇော်မိုးထက် (ဖားကန့်)

A d v e r t i s e m e n t With Us

More News
Up