A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတွင် ဆေးခြောက် တရားဝင်စိုက်ပျိုးခွင့်ပြုတော့မည်လား

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဆေးကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ တရားဝင် စိုက်ပျိုးခွင့်ပြုတော့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ သုတေသနလုပ်ငန်းတွေမှာ အကန့်အသတ်နဲ့ သုံးစွဲနိုင်ဖို့ ဆေးခြောက်ပင်ကို စိုက်ပျိုးဖို့ ဥပဒေပြုသူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ထောက်ခံခဲ့ကြပြီးနောက် ဒီအကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းသတင်းတွေထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆေးဝါးအဖြစ် သုံးနိုင်ဖို့နဲ့ ဆေးသုတေသနလုပ်ငန်းအတွက် ဆေးခြောက်ကို တရားဝင်စိုက်ပျိုးမယ့် စိတ်ကူးကို သဘောတူတယ်လို့ စိုက်ပျိုးရေးဒု-ဝန်ကြီး ဝီဝက်စာလာ ယာကမ်သွန်းရဲ့ အဆိုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ မစ္စတာ ဝီဝက်က ဆေးခြောက်ကို ဆေးဝါးထုတ်လုပ်ရာမှာ သုံးဖို့ ဆေးမြစ်ပင်အနေနဲ့ သတ်မှတ်သင့်တယ်လို့ ပြောပါတယ်။ ထိုင်းတော်ဝင်သတင်းစာမှာ ဇန်နဝါရီ ၆ ရက်နေ့က ဆေးသုတေသနလုပ်ငန်းတွေအတွက် သတ်မှတ်ထားတဲ့ နေရာတွေမှာ ဆေးခြောက်စိုက်သင့်တယ်ဆိုတဲ့ ညွှန်ကြားချက် ပါလာခဲ့ပြီး နိုင်ငံတော်လယ်သမားကောင်စီ (အန်အက်ဖ်စီ) ကလည်း ဒါကို တရားဝင်စိုက်ဖို့ အစိုးရကို တိုက်တွန်းပြီးတဲ့နောက် မစ္စတာ ဝီဝက်က မှတ်ချက်ပေးခဲ့တာပါ။ ဒီလုပ်ရပ်က မူးယစ်ဆေးဝါး ထိန်းချုပ်မှုနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီး သက်သောင့်သက်သာရှိတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်တဲ့ အာရှရဲ့ အစောဆုံးနိုင်ငံ ဖြစ်လာမယ့် အခွင့်အရေး ဆုံးရှုံးမှာစိုးလို့ ထိုင်းနိုင်ငံက စွန့်စားလိုက်တာဖြစ်ပြီး ဒီနည်းလမ်းက အနောက်ကမ္ဘာ၊ အထူးသဖြင့် အမေရိကန်နိုင်ငံမှာ တော်တော်ခရီးရောက်နေပြီလို့ သူက ကောက်ချက်ချ ပြောလိုက်ပါတယ်။ “ဆေးခြောက်က ဆေးဝါးအုပ်စုဝင် ဖြစ်နေပါပြီ။ ဆေးလောကမှာ ဒါကိုသုံးပြီး လေ့လာမှု တော်တော်များများ လုပ်ခဲ့ကြတယ်။ ဆေးသုတေသနလုပ်ငန်းတွေမှာ ရေရှည် လက်ခံလာကြတဲ့ ဆေးရွက်ကြီး၊ ဘိန်းဖြူ အစရှိတာတွေလိုပဲ ဆေးခြောက်ကလည်း ဆေးဝါးထုတ်လုပ်ရာမှာ သုံးနိုင်ပါပြီ” လို့ မစ္စတာ ဝီဝက်က ပြောပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အပင်တွေကို ရွာသားတွေက ရိုးရာဆေးအဖြစ် သုံးပြီး အပင်တွေကနေ ရလာတဲ့ ဆေးတွေကို ဆရာဝန်တွေကလည်း လူနာကုရာမှာ သုံးတယ်လို့ မစ္စတာ ဝီဝက်က ပြောပါတယ်။ အန်အက်ဖ်စီက မူးယစ်ထိန်းချုပ်ရေးဘုတ်အဖွဲ့ (အိုအန်စီဘီ) နဲ့ ပူးပေါင်းပြီး ဆေးခြောက်စိုက်ပျိုးမယ့် နေရာတွေကို သတ်မှတ်ဖို့ ဆွေးနွေးခဲ့တယ်လို့ အန်အက်ဖ်စီရဲ့ဥက္ကဋ္ဌ ပရာပက်ပန်ရာချာထရက်ကလည်း ဇန်နဝါရီ ၁၅ ရက်နေ့က ပြောပါတယ်။ ဆေးခြောက်စိုက်ပျိုးရေးကို အလွယ်တကူ စောင့်ကြည့်လည်ပတ်နိုင်မယ့် ဆခွန်နက်ခွန်းဒေသက စစ်တပ်ဝန်းမှာ မြေအကျယ် ၅၀၀၀ ရိုင် ပမာဏ (၁ ရိုင်=၀.၃၉၅၄ ဧက) ကို အန်အက်ဖ်စီနဲ့ အိုအန်စီဘီက ဦးဆုံးကြည့်ထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။ ဆေးခြောက်စိုက်ပျိုးတာကို တရားဝင်လုပ်တာက နိုင်ငံခြားတိုင်းပြည်ကနေ ဆေးတင်သွင်းရတဲ့ ပမာဏ နည်းသွားဖို့ အထောက်အကူပြုနိုင်မယ်လို့ မစ္စတာဝီဝက်က ပြောလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up