ကရင်ပြည်နယ်တွင်၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေး ကျပ်သိန်း ၇ သောင်းကျော်ဖိုး ဖမ်းမိ

1.5K
ကရင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ပြီးခဲ့တဲ့နှစ်ထက်ပိုများခဲ့ပြီး ကျပ်သိန်း ၇ သောင်းကျော်ဖိုး ဖမ်းဆီးမိခဲ့တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
မူးယစ်ဆေးဝါး ဖမ်းဆီးရာမှာ ကွင်းဆက်တရားခံတွေကနေ ရောင်းဝယ်ဖောက်ကား သယ်ဆောင်သူတွေအထိ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးနိုင်ခဲ့တဲ့ အမှုတွေများသလို ၂၀၁၆ ခုနှစ်ကထက် မူးယစ်ဆေးဝါး ပိုမိုဖမ်းဆီးရမိတယ်လို့ ဖမ်းဆီးရေးမှာ ပါဝင်သူ ရဲအရာရှိက ပြောပါတယ်။
“မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်ဖို့ သတင်းအစတခု ရပြီဆိုတာနဲ့ နေ့ ည မနားဘဲ စောင့်ကြည့်လှုပ်ရှား ဖမ်းဆီးရပါတယ်။ ရောင်းဝယ်သူတွေမှာ လက်နက်တွေ ရှိနေတာကြောင့် ရင်ဆိုင်ဖမ်းဆီးရတာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာလည်း ရှိပါတယ်။ ဒီ ၂၀၁၇ ခုနှစ်ကတော့ မူးယစ်ဆေးဝါး ကွင်းဆက်တရားခံတွေကနေ ရောင်းဝယ်ဖောက်ကား သယ်ဆောင်သူတွေအထိ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးနိုင်ခဲ့တဲ့ အမှုတွေ များတာကြောင့် စိတ်ကြွဆေးပြား ဖမ်းဆီးမှု ၂၀၁၆ ခုနှစ်ကထက် များများ ဖမ်းမိတာပါ”လို့ ပြောပါတယ်။
ကရင်ပြည်နယ် ရဲတပ်ဖွဲ့အနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း ၅၆၈ မှုမှာ စိတ်ကြွဆေးပြား ပေါင်း ၂၃ သိန်းကျော်နဲ့ အခြား မူးယစ်ဆေးဝါး အပါအဝင် လက်နက်မျိုးစုံ ၈၄ လက်၊ ခဲယမ်း ၇၂၂ တောင့်၊ မော်တော်ယာဉ် ၁၇၃ စီး၊ မြန်မာငွေ ၁၈၃ သိန်း၊ မူးယစ်ဆေးဝါး ကာလတန်ဖိုး သိန်းပေါင်း ၇ သောင်းကျော်ဖိုးကို တရားခံ ၇၉၄ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
၂၀၁၆ ခုနှစ်အတွင်း အမှုပေါင်း ၅၅၁ မှုမှာ စိတ်ကြွဆေးပြား ပေါင်း ၆ သိန်းကျော်နဲ့ အခြား မူးယစ်ဆေးဝါး အပါအဝင် လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်း ၅၀၀၀ ကျော်၊ မော်တော်ယာဉ် ၅၇ စီး၊ မြန်မာငွေ ၆၈၃ သိန်း၊ ထိုင်းဘတ် ၁၂၃ သိန်း၊ ရွှေ ၂ သောင်း ၅ ထောင်ကျော်(ဂရမ်)၊ မူးယစ်ဆေးဝါး ကာလတန်ဖိုး သိန်းပေါင်း ၄ သောင်းလောက်ကို တရားခံ ၈၁၀ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ကရင်ပြည်နယ်ရဲ့ မြို့နယ် ၇ မြို့နယ်မှာ ဘားအံမြို့နယ်နဲ့ မြ၀တီမြို့နယ်က မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး ဖာပွန်မြို့နယ်နဲ့ သံတောင်ကြီးမြို့နယ်က မူးယစ်ဆေးဝါး အနည်းဆုံး ဖမ်းဆီးရမိခဲ့သလို နယ်ကျော် ဖမ်းဆီးရမိမှု ၆ မှုအထိ ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အတွင်းမှာ မူးယစ်တရားခံကို ရုံးထုတ်အပြန် လက်နက်ကိုင်တစုက ပစ်ခတ်ပြီး တရားခံလုယူမှု ရှိခဲ့တဲ့အတွက် အိန္ဒုနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး၊ တရားခံ လွတ်မြောက်သွားခဲ့သလို၊ ကော့ကရိတ်မြို့မရဲစခန်း အချုပ်မှာ မူးယစ်တရားခံတွေ အချုပ်ဖောက် ထွက်ပြေးမှုတွေ ရှိခဲ့ပေမယ့် တရားခံတွေကို ပြန်လည်ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
ဘားအံမြို့မှာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို မူးယစ်ဆေးဝါး သုံးစွဲသူတွေအတွက် မူးယစ်ဆေးဖြတ်စခန်း တည်ဆောက်သွားဖို့ ရှိပါတယ်။
သတင်း - ရဲမင်းခေါင်