Homeမြန်မာသတင်း
ညောင်လေးပင်ရှိ နှစ် ၁၀၀ ကျော် ရှေးဟောင်းကျောင်းဆောင်ကြီး ပြိုကျမှာကို ဒေသခံများ စိုးရိမ်
ညောင်လေးပင်ရှိ နှစ် ၁၀၀ ကျော် ရှေးဟောင်းကျောင်းဆောင်ကြီး ပြိုကျမှာကို ဒေသခံများ စိုးရိမ်
DVB
·
January 22, 2018
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ (၁) ရပ်ကွက် ကုသိနာရုံ ပါဠိသိပ္ပံ ကျောင်းတိုက်ရှိ နှစ်ပေါင်း ၁၁၃ သက်တမ်းရှိနေပြီဖြစ်တဲ့ ရှေးဟောင်းကျောင်းဆောင်ကြီး ပြိုကျပျက်စီးသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ညောင်လေးပင်မြို့ရဲ့ ရှေးအကျဆုံး သမိုင်းဝင်ကျောင်းဆောင်ကြီးတခုဖြစ်ပြီး တနှစ်ထက် တနှစ် ကျောင်းဆောင်ကြီးရဲ့ အုတ်နံရံတွေ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာနေပြီး မကြာခင်က လှုပ်သွားတဲ့ ဖြူးငလျင်ဒဏ်ကြောင့် အက်ကြောင်းတွေ ပိုများလာပြီး နံရံတွေ ကွာကျနေတာကြောင့် ပြိုကျမှာကို စိုးရိမ်တယ်လို့ ဒေသခံ ဒေါ်ယုယုကြည်က ပြောပါတယ်။
ညောင်လေးပင်-ရွှေကျင် ကားလမ်းဘေးရှိ ကုသိနာရုံ ပါဠိသိပ္ပံ ကျောင်းတိုက်ထဲက အဲဒီကျောင်းဆောင်ကြီးကို ၁၉၀၅ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး အလျား ၃၁ ပေ၊ အနံ ၃၁ ပေ၊ အမြင့် ၃၆ ပေလောက်ရှိ အုတ်စီ သွပ်မိုး အုပ်ကျောင်းဆောင်ကြီး ဖြစ်ပါတယ်။
ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ မူလရှေးဟောင်းလက်ရာတွေ မပျက်စေဖို့ အစိုးရက ကူညီပံ့ပိုးပေးစေချင်သလို ဒကာ၊ ဒကာမတွေအနေနဲ့လည်း စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ဆက်သွယ်လှူဒါန်းဖို့ ပါဠိသိပ္ပံကျောင်းတိုက်ဆရာတော် အရှင်ကဝိသေဋ္ဌာလင်္ကာရက မိန့်ပါတယ်။
“ဒီကျောင်းဆောင်ကြီးဟာ လွန်ခဲတဲ့နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ဆောက်ထားခဲ့တာပါ။ သမိုင်းဝင်ကျောင်းဆောင်ကြီးပါ။ ဦးဇင်းတို့အနေနဲ့ ဒီသမိုင်းဝင် ကျောင်းဆောင်ကြီးကို ပြိုကျသွားမှာကို စိုးရိမ်တယ်။ မူလအလှူရှင်တွေကို ဆက်သွယ်လို့လည်း မရဘူး။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ရှေးမူလက်ရာအတိုင်း ပြန်လည်ပြုပြင်ပေးစေချင်တယ်။”
အဲဒီကျောင်းဆောင်ကြီးမှာ ရှေးဟောင်းဘုရားတဆူ ကိန်းဝပ်စံပယ်နေပြီး သံဃာတာ် ၁၄ ပါး သီတင်းသုံးနေပါတယ်။
သတင်း - နေလင်းထိုက်