တော့တင်ဟမ်ဟော့စပါးနှင့် ဆောက်သမ်တန် ၁ ဂိုးစီသရေကျ (ရုပ်သံ)

1.3K
ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ အဖြစ် ဆောက်သမ်တန်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက် တဂိုးစီ သရေကျသွားပါတယ်။
အိမ်ရှင် ဆောက်သမ်တန်အသင်းဟာ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး စပါးအသင်းကတော့ ဂိုးသမား လိုရစ် မပါဝင်နိုင်ပေမယ့် ကျန် အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ အယ်လီ စတဲ့ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။
စပါးအသင်းဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေ အသာစီးရခဲ့ပေမယ့် ဆောက်သမ်တန် နောက်ခံလူတွေနဲ့ ဂိုးသမား အကောင်းဆုံး ကာကွယ်ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းရဲ့ အိမ်ကွင်းရုန်းအားနဲ့ မာမာထန်ထန် တုံ့ပြန်ကစားမှုကြောင့်လည်း စပါးအသင်း ရုန်းကန်ခဲ့ရပါတယ်။
ပွဲချိန် ၁၅ မိနစ်မှာ ဆောက်သမ်တန်အသင်းရဲ့ ထိုးဖောက် ကန်သွင်းမှုကို စပါးနောက်ခံလူ ဆန်းချက် ကာကွယ်ဖျက်ထုတ်ရာက ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ဆောက်သမ်တန် ဦးဆောင်ဂိုး ရရှိသွားပါတယ်။
စပါးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၁၈ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။
ဒီနောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ တဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားပါတယ်။
ဒီပွဲသရေကျသွားတဲ့အတွက် စပါးအသင်းဟာ ရမှတ် ၄၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာပဲ ဆက်လက်ရပ်တည်နေပြီး ဆောက်သမ်တန်ကတော့ ရမှတ် ၂၂ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရှိနေပါတယ်။