ပဲခူးမြစ်အတွင်း အမှိုက်ပစ်သူများကို အရေးယူမည်
DVB
·
January 22, 2018
ပဲခူးမြစ်ထဲကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ များလာတာကြောင့် ပဲခူးမြစ် တိမ်ကော ပျက်စီးနိုင်ပြီး မိုးတွင်းကာလတွေမှာ အန္တရာယ်နဲ့ ကြုံတွေ့နိုင်တဲ့အတွက် ပဲခူးမြစ်အတွင်း အမှိုက်ပစ်သူတွေကို စည်ပင်ဥပဒေနဲ့ အရေးယူသွားမယ်လို့ စည်ပင်တာဝန်ရှိသူတွေက ပြောပါတယ်။
ပဲခူးဈေးပတ်ဝန်းကျင်နဲ့ မြစ်ဘေးနား နေထိုင်တဲ့ ပြည်သူလူထုတွေကနေ ပဲခူးမြစ်ထဲကို စည်းကမ်းမဲ့အမှိုက် စွန့်ပစ်နေကြပါတယ်။
အဲဒီလို မြစ်ထဲကို စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေ များလာတာကြောင့် မြစ်အတွင်းမှာ အမှိုက်တွေနဲ့ ပြည့်နေပြီး မြစ်ရေကလည်း သန့်ရှင်းမှု မရှိတော့သလို မြစ်အတွင်းမှာရှိတဲ့ ရေနေသတ္တဝါတွေလည်း မျိုးသုဉ်းသွားနိုင်ပါတယ်။
ပြီးတော့ တာတမံတွေလည်း ပျက်စီးလာနိုင်တဲ့အတွက် ပဲခူးတမြို့လုံးကို အန္တရာယ်နဲ့ ခြိမ်းခြောက်ခံရနိုင်တဲ့ အနေအထားမှာ ဖြစ်နေတဲ့အတွက် ဇန်နဝါရီကစပြီး ပဲခူးမြစ်အတွင်း အမှိုက်ပစ်သူတွေကို ပညာပေးအနေနဲ့ စတင်လုပ်ဆောင်နေပြီး နောက်ပိုင်းမှာတော့ ပဲခူးမြစ်အတွင်း အမှိုက်စွန့်ပစ်သူတွေကို စည်ပင်ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ စည်ပင်တာဝန်ရှိသူတွေထံက သိရပါတယ်။