ရော်နယ်ဒိုကို မန်ယူက ပြန်လည်ခေါ်ယူရန် စိတ်မ၀င်စားဟု သတင်းများထွက်ပေါ်

1.7K
ခြေစွမ်းကျဆင်းနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာလိုတယ်လို့ ပြောကြားထားခဲ့တဲ့ ရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့အသင်းဖော်တွေကို အသင်းကနေထွက်ခွာပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်အခြေချချင်တယ်လို့ ပြောကြားထားခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်တလောမှာ အာဆင်နယ်ကစားသမား ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းခွဲနဲ့ ခေါ်ယူတော့မှာဖြစ်လို့ ရော်နယ်ဒိုရဲ့ လုပ်ခလစာမြင့်မားစွာနဲ့ ပြန်လည်ရောက်ရှိလာဖို့ကို စိတ်မဝင်စားတော့တာလို့ သုံးသပ်နေကြပါတယ်။
ဒါ့အပြင် ဆန်းချက်ဇ်ကို ကန်တိုနာ၊ ဂျော့ခ်ျဘတ်စ်၊ ဘက်ခမ်းတို့ရဲ့ ကျောနံပတ် ၇ ကို ပေးဖို့ ကတိပြုထားတာကြောင့် ရော်နယ်ဒိုအရင်က ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို ပြန်လည်မရရှိမယ့် ပြသနာတွေလည်းရှိလာမှာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းကတော့ ရော်နယ်ဒိုကို ထွက်ခွာခွင့် ပြုတော့မယ်လို့ ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ခဲ့ပေမယ့် ကစားသမားနဲ့အသင်းရဲ့ကြားမှာ အကျိုးရှိတဲ့ စာချုပ်တခုကို ကတိပြုထားတယ်လို့ သိရပါတယ်။
မာကာသတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ မော်ရင်ဟိုဟာ ဂါရက်ဘေးလ်အပြင် အသင်းဟောင်းကို ပြန်လည်ခြေချချင်တဲ့ ကစားသမားကို စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရပါတယ်။