Home
မြန်မာသတင်း
မြားမှန်ထားသည့် တောဆင်တကောင်ကို ဆေးကုသပေး
ပိုင်စိုး
·
January 21, 2018
ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ မြားမှန်ထားတဲ့ တောဆင်တကောင်ကို သစ်ထုတ်လုပ်ရေးဌာနက ဆေးကုသပေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က ငပုတော၊ ဆင်မကြိုးဝိုင်းထဲမှာ ကင်းလှည့်ရင်း တွေ့ရှိလို့ ကုသပေးနေတာပါ။ ပုသိမ်သစ်ထုတ်လုပ်ရေးဒေသက ဒုတိယ တိရစ္ဆာန်ဆေးကုမှူး ဦးလင်းလင်းထွန်းက “ညနေဘက်လောက်မှာ တွေ့တယ်။ ကျနော်ရောက်သွားပြီး ကုပေးနိုင်တာက ညဘက်ပေါ့။ မေ့ဆေးပေးပြီး မြားကို ခွဲထုတ်ပေးခဲ့ပါတယ်။ ဒဏ်ရာ ရထားတာက ရက် ၂၀ လောက်ရှိပြီလို့ ယူဆပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ညာဘက်လက်ပြင်နားမှာ စိုက်ဝင်နေတာဖြစ်ပြီး အဆိပ်မပါပေမယ့် မုဆိုးတွေ လက်ချက်ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။ တောဆင်ဟာ အသက် ၁၆ နှစ်လောက်ရှိတဲ့ အမဖြစ်ပြီး အရပ်အမြင့် ၆ ပေခွဲလောက် ရှိပါတယ်။ စတွေ့တဲ့ အချိန်က ကောင်းကောင်းမသွားနိုင်ပေမယ့် အခုတော့ ဒဏ်ရာကျက်လုနီးပါး ဖြစ်နေပြီး သွားလာနေနိုင်ပြီလည်း ဖြစ်ပါတယ်။ “ကွန်ဂျီဆင်တွေနဲ့ အမြဲစောင့်ကြည့်ပြီး နေ့တိုင်း ဆေးထိုး၊ ဆေးထည့်ပေးနေပါတယ်။ အခုတော့ လူမြင်ရင် ရှောင်ချင်နေပြီ။ သက်သာနေပါပြီ” လို့ ဦးလင်းလင်းထွန်းက ပြောပါတယ်။ တောရိုင်းဆင် သတ်ဖြတ်ခံရတာဟာ နှစ်တိုင်း တိုးလာနေတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောဖူးပြီး ဖော်ထုတ်လို့ရတဲ့ အမှုတွေအရ တနှစ်မှာ အကောင်ရေ ၃၀ လောက် သတ်ဖြတ်ခံနေရတယ်လို့ သူက ပြောတာပါ။ ဆင်ထိန်းသိမ်းရေး လုပ်နေသူတွေကတော့ တနှစ်မှာ တောဆင်အကောင်ရေ ၁၀၀ လောက် သတ်ဖြတ်ခံနေရတယ်လို့ ခန့်မှန်းကြပြီး မျိုးသုဉ်းမှာ စိုးရိမ်နေကြပါတယ်။ သစ်တောဌာနရဲ့ စာရင်းတွေအရ ဧရာဝတီတိုင်းမှာ အများဆုံး သတ်ခံရပြီး ပဲခူးတိုင်းကတော့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ အရင်ကဆိုရင် အစွယ်ယူဖို့ပဲ သတ်ခဲ့ကြပေမယ့် အခုတော့ ဆင်တကောင်လုံးကို ရောင်းလို့ ရနေတဲ့အတွက် အစွယ်ရှိတဲ့ အကောင်တွေရော၊ မရှိတဲ့ အကောင်ပါ သတ်ခံနေရတာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ တောဆင်ရိုင်း ကောင်ရေ ၂ ထောင်လောက်ပဲ ကျန်တော့တယ်လို့ ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ - ဧရာဝတီ ဆင်ချစ်သူများအဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024