တောရိုင်းတိရစ္ဆာန် အဓိကကုန်ကူးသူကို ထိုင်းရဲ ဖမ်းဆီး

ဆယ်စုနှစ်ကျော်အတွင်း အာရှမှာ တရားမဝင် ကုန်ကူးနေတဲ့ တောရိုင်းတိရစ္ဆာန် ကုန်ကူးမှုမှာ အဓိကပါဝင်သူကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဗီယက်နမ်နွယ်ဖွား ထိုင်းလူမျိုး ဘွန်ချိုင်းဘက်ခ်ျက နိုင်ငံတွင်း ဖြစ်ဖူးသမျှထဲမှာ အကြီးမားဆုံးတောရိုင်းတိရစ္ဆာန် ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့တယ်လို့ တောရိုင်းတိရစ္ဆာန်ကုန်ကူးမှု တိုက်ဖျက်ရေး ဖရီးလန်းဖောင်ဒေးရှင်းအဖွဲ့က သူတို့ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ ပြီးခဲ့တဲ့လက အာဖရိကကနေ ထိုင်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၁ သန်းတန် ကြံ့ဦးချို ၁၄ ခုကို ကုန်ကူးမှုနဲ့ပတ်သက်ပြီး အသက် ၄၀ အရွယ် ဘွန်ချိုင်းကို နက်ခွန်ဖနွမ်ခရိုင်မှာ ဇန်နဝါရီ ၁၉ ရက်နေ့က ဖမ်းဆီးပြီး ဒီအမှုမှာ ဒေသခံလေဆိပ်အရာရှိတွေ၊ တရုတ်နဲ့ ဗီယက်နမ် ပစ္စည်းသယ်ပေးသူတွေလည်း ပါဝင်ပတ်သက်တယ်လို့ ရဲတွေက ပြောပါတယ်။ ဘက်ခ်ျဗန်မင်းလို့လည်း လူတွေသိတဲ့ ဘွန်ချိုင်းက ဗီယက်နမ်နိုင်ငံထဲအထိ ပျံ့နှံ့သွားတဲ့ ထိုင်း-လာအိုနယ်စပ်တလျှောက်က ကြီးမားတဲ့ တောရိုင်းတိရစ္ဆာန်ကုန်ကူးမှုကွန်ရက် လုပ်ကိုင်နေတာပါ။ ဖရီးလန်းဖောင်ဒေးရှင်းရဲ့ အဆိုအရ သူနဲ့သူ့မိသားစုဝင်တွေက ဆင်စွယ်တွေ၊ ကြံ့ချိုတွေ၊ ပန်ဂိုလင်းတွေ၊ ကျားတွေ၊ ခြင်္သေ့တွေနဲ့ အန္တရာယ်ရှိ ရှားပါး တောရိုင်းသတ္တဝါတွေကို ကုန်ကူးရာမှာ အဓိကပါဝင် လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။ ဘွန်ချိုင်းက သူ့အပေါ်စွဲထားတဲ့ အမှုတွေကို ငြင်းဆန်လိုက်ပြီး တောရိုင်းတိရစ္ဆာန်ဥပဒေအရ သူက ထောင်ဒဏ် ၄ နှစ်အထိနဲ့ ဒဏ်ငွေ ၄ သောင်း ကျခံရနိုင်တယ်၊ ဒါပေမယ့် အာဏာပိုင်တွေက သူ့ရဲ့ငွေကြေး ခဝါချမှုနဲ့ အကောက်ခွန်ဥပဒေ ချိုးဖော်က်မှုတွေအတွက် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြောပါတယ်။ အာဖရိက ဆင်စွယ်ရောင်းချမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာနဲ့ ၂၀၁၄ ခုနှစ်ဆင်စွယ် အက်ဥပဒေကို မိတ်မဆက်ခင် ထိုင်းနိုင်ငံက ကမ္ဘာပေါ်မှာ တရားမဝင် ဆင်စွယ်ဈေးကွက် အကြီးဆုံးလို့ သတ်မှတ်ပြီး များသောအားဖြင့် တရုတ်နိုင်ငံကို ပို့တဲ့ တောရိုင်းကုန်ပစ္စည်းတွေကို အကူးအပြောင်းလုပ်ရာ အချက်အချာနေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ကြံ့ချို၊ ပန်ဂိုလင်းကြေးခွံ၊ လိပ်နဲ့ အခြား ရှားပါးတောရိုင်းတိရစ္ဆာန်တွေကို နိုင်ငံတဝှမ်း အကြိမ်ကြိမ် တရားမဝင်ကုန်ကူးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာလက လေဆိပ်အရာရှိ နစ်ကွန်းဝူပရာဂျန်ကို တရုတ်နဲ့ ဗီယက်နမ် ပစ္စည်းသယ်ယူပေးသူတွေနဲ့အတူ ကြံ့ချို ၁၄ ခုနဲ့ သုဝဏ္ဍဘူမိလေဆိပ်မှာ ဖမ်းမိခဲ့ပါတယ်။ ကြံ့ချိုတွေကို ဘွန်ချိုင်းရဲ့ ဆွေမျိုးတွေဆီ ပို့ဖို့ ငှားရမ်းခံခဲ့ရတယ်လို့ နစ်ကွန်းက ဝန်ခံခဲ့ပြီး လေယာဉ်ကွင်းမှာ ဖမ်းဆီးမိတဲ့အုပ်စုက ဘွန်ချိုင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးပြီး အဲ့ဒီကနေ သူ့ကို ဖမ်းနိုင်ခဲ့တာလို့ ဖရီးလန်းက ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up