အမေရိကန်သမ္မတကို အမျိုးသမီးထောင်ချီ ဆန္ဒပြ

အမေရိကန်က မြို့ပေါင်း ၂၅၀ လောက်မှာ အမျိုးသမီးတွေနဲ့ သူတို့ကို ထောက်ခံသူ အမျိုးသားထောင်ပေါင်းများစွာဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဆန္ဒပြခဲ့ကြပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံတ၀န်းပြုလုပ်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒပြမှုမှာ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသမီးတွေအပေါ် ထိခိုက်စေတဲ့ မူဝါဒတွေကို တယောက်ပြီးတယောက် ဆန့်ကျင် ပြောကြားခဲ့ကြပါတယ်။
ဝါရှင်တန်ဒီစီမှာလုပ်တဲ့ ဆန္ဒပြပွဲမှာ အမျိုးသမီးတွေဟာ လင်ကွန်းအထိမ်းအမှတ် အဆာက်အဦရှေ့ကနေ သမ္မတအိမ်ဖြူတော်အထိ ထရမ့်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ နဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အခုလို အမျိုးသမီးတွေ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့ Twitter စာမျက်နှာ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ရရှိခဲ့တဲ့ အမေရိကန်စီးပွားရေး အောင်မြင်မှုဟာ အမျိုးသမီးတွေကို ဘယ်လိုမျိုး အကျိုးဖြစ်ထွန်းစေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရေးသားတုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အမျိုးသမီးတွေအပေါ် မှတ်ချက်ပြုပြောစကားကို မကျေနပ်တဲ့အတွက် အမျိုးသမီးတွေ ဆန္ဒပြခဲ့ကြရာမှာ ကြောင်ပုံဦးထုပ် ပန်းရောင်တွေ ဝတ်ဆင်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဦးထုပ်ဟာ ဒေါ်နယ်ထရမ့်ဆန်ကျင်ရေးနဲ့ အမျိုးသမီးများအတွက် အားတက်ဖွယ်ရာ အမှတ်သင်္ကေတဖြစ်သွားခဲ့ပြီး အခုနှစ်မှာလည်း ဆန္ဒပြသူအများစုဟာ ပန်းရောင်ကြောင်ပုံ ဦးထုပ်တွေဆောင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။