အာဖဂန်နစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံး

1.2K
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က အင်တာကွန်တီနန်တယ်ဟိုတယ်မှာ ဇန်နဝါရီ ၂၀ ရက် ညပိုင်းက အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အကြမ်းဖက်သမား တဦးအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရပါတယ်။
ကနဦးရရှိတဲ့ သတင်းအချက်အလက်တွေအရ အခုအကြမ်းဖက်တိုက်ခိုက်မှုမှာ အကြမ်းဖက်သမား ၄ ဦး ပါဝင်ပါတယ်။
အခုချိန်ထိ အကြမ်းဖက်သမား ၁ ဦးသေဆုံးသွားပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့က အဆောက်အဦကို ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ်ဒန်းနစ်ရှ်က ပြောကြားပါတယ်။
ဟိုတယ်တွင်းမှာ လူအများကြီးရှိတာကြောင့် အကြမ်းဖက်သမားတွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံရမယ့်ကိစ္စ စိုးရိမ်ဖွယ်ရာဖြစ်ပြီး သေနတ်သံ၊ လက်ပစ်ဗုံးပေါက်ကွဲသံများ ကြားရအပြီးမှာ ဟိုတယ်ရဲ့ တချို့အစိတ်အပိုင်းတွေ မီးစွဲလောင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောကြားပါတယ်။
ဇန်နဝါရီ ၂၀ ရက်အစောပိုင်းမှာ အဲဒီဟိုတယ်မှာ အာဖဂန်နစ္စတန် တယ်လီဆက်သွယ်ရေးနဲ့ သတင်းနည်းပညာဝန်ကြီးနဲ့ ပြည်နယ်တွေက အစိုးရတာဝန်ရှိသူတွေ အစည်းအဝေး ကျင်းပခဲ့တယ်လို့ တရားဝင်မဟုတ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အခုတိုက်ခိုက်မှုအတွင်း လူ ၁၅ ဦး သေဆုံးခဲ့ပြီး လူအများအပြားကိုလည်း အကြမ်းဖက်သမားတွေက ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ တရားဝင်မဟုတ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။