ဘတ်သန်း ၃၀ ထီပေါက်သူ အငြင်းပွားမှုကြီး ဒီအန်အေစစ်ဆေးချက် မအောင်မြင်

ထိုင်းနိုင်ငံမှာ ဘတ်သန်း ၃၀ တန် ထီပေါက်ခဲ့ပြီး ငွေလာထုတ်သူနဲ့ ထီလတ်မှတ် ပျောက်သူအကြား ထီလတ်မှတ်ကို သူပိုင်ကိုယ်ပိုင် အငြင်းပွားခဲ့ကြလို့ လက်ဗွေရာနဲ့ ဒီအန်အေ စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။ အငြင်းပွားနေကြတဲ့ ထီလက်မှတ် ၅ စောင်ပေါ်က လက်ဗွေရာက ငွေလာထုတ်သူ အငြိမ်းစားရဲရဲ့ လက်ဗွေရာနဲ့ ကိုက်ညီမှုရှိတယ်၊ ဒါပေမယ့် စစ်ဆေးမှု နမူနာတွေမှာ အခြားလူတွေရဲ့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ပစ္စည်းတွေနဲ့ ညစ်ပေနေလို့ လက်မှတ်ပိုင်ရှင်အစစ်ကို သက်သေပြဖို့ စောင့်ဆိုင်းခဲ့ရတဲ့ ဒီအန်အေရလဒ်တွေကတော့ မအောင်မြင်ဘူးလို့ မှုခင်းဆေးပညာ ကျွမ်းကျင်သူတွေက ဇန်နဝါရီလ ၁၉ ရက်နေ့က ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁ ရက်နေ့က အကြီးဆုံးဆု/ပထမဆုအဖြစ် ပေါက်ခဲ့တဲ့ထီရဲ့ လက်မှတ် ၅ စောင်ပေါ်က လက်ဗွေရာနဲ့ ဒီအန်အေရလဒ်တွေကို ၁၉ ရက်နေ့ နေ့လယ်မှာ မှုခင်းဆေးပညာ သိပ္ပံ အင်စတီကျု (စီအိုင်အက်ဖ်အက်စ်) ရဲ့ ဒါရိုက်တာ စုမ်ပရောမ်ရော့တ်နဲ့ အဖွဲ့က ကြေညာခဲ့တာဖြစ်ပြီး ရောနှောနေတဲ့ ဒီအန်အေအဖြစ် လက်မှတ်ပေါ်မှာ လူတော်တော်များများရဲ့ ဒီအန်အေကို တွေ့ခဲ့တာလို့ မစ္စတာစုမ်က ပြောပါတယ်။ မျိုးရိုးဗီဇတွေ ရောနှောနေလို့ လက်မှတ်ပေါ်က ဒီအန်အေက တဦးဦးရဲ့ ဒီအန်အေဆိုတာကို သတ်မှတ်လို့ မရဘူး၊ လက်ဗွေရာ ၂ ခုကတော့ ထီပေါက်ငွေ လာထုတ်သူ ရဲအရာရှိဟောင်း ဂျရွန်းဝီမိုရဲ့ လက်ဗွေရာနဲ့ ကိုက်ညီတယ်လို့ စီအိုင်အက်ဖ်အက်စ်ဒါရိုက်တာက ပြောပါတယ်။ အသက် ၆၂ နှစ်အရွယ် ကန်ချနာဘူရီက ရဲအရာရှိဟောင်း ဂျရွန်းက နိုဝင်ဘာလတုန်းက အစိုးရ ထီရုံးမှာ ထီ ၅ စောင်ရဲ့ ပေါက်ငွေကို ထုတ်ခဲ့ပေမယ့် မူရန်ခရိုင်က ကျောင်းဆရာ အသက် ၅၀ အရွယ် ပရီချာကရိတ်ဟူရန်က ပေါက်တဲ့ထီလက်မှတ် ၅၃၃၇၂၆ နဲ့ ထီ ၅ စောင်က သူပိုင်တာလို့ ပြောခဲ့တာပါ။ အောက်တိုဘာ ၃၁ ရက်နေ့ ဈေးထဲက လမ်းဘေးဈေးသည် အမျိုးသမီးဆီမှာ နံပါတ်တူ လက်မှတ် ၅ စောင်ပါတဲ့ ထီ ၄ စုံကို ဝယ်ခဲ့တယ်လို့ မစ္စတာပရီချာက ပြောပြီး အိမ်ပြန်ရောက်ချိန် ပေါက်နံပါတ်ပါတဲ့ ထီလတ်တစုံ ပျောက်ခဲ့တာကြောင့် ရဲတွေကို အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရဲတွေက ထီလက်မှတ်ပိုင်ရှင် အမှန်ကိုသိဖို့ စီအိုင်အက်ဖ်အက်စ်ကို အငြိမ်းစားရဲနဲ့ သူ့ဇနီး၊ ကျောင်းဆရာ မစ္စတာပရီချာနဲ့ လမ်းဘေးဈေးသည် ထီရောင်းသူ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦးရဲ့ ဒီအန်အေတွေကို စစ်ဆေးခိုင်းခဲ့တာပါ။ ဒီအမှုကိုကိုင်တဲ့ စုံစမ်းရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သလို ခရိုင်ရဲအဖွဲ့ ၇ ရဲ့ ဒုရဲချုပ် ခရစ်စနာက လက်တလော ရရှိထားတဲ့ ဒီအန်အေရလဒ်တွေကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မှတ်ချက်မပေးဘဲ တရားဝင် ရလဒ်တွေကို မသိသေးတာကြောင့် နောက်ပိုင်းမှ မှတ်ချက်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ခုချိန်မှာ စုံစမ်းရေးအဖွဲ့က နောက်စမ်းသပ်ခန်းတခုမှာ စစ်ဆေးနေတဲ့ သက်သေအထောက်အထားတွေရဲ့ ရလဒ်ကို စောင့်ဆိုင်းနေပြီး နောက်တပတ်မှာ ရလဒ်တွေ သိရဖို့ မျှော်လင့်နေကြပါတယ်။ နောက်ဆုံးသက်သေခံပစ္စည်းက အရေးကြီးဆုံးဖြစ်တာကြောင့် ကြိုတင်မပြောနိုင်ဘူးလို့လည်း ဒုရဲချုပ်က ပြောပါတယ်။ ထီလတ်မှတ်တွေပေါ်မှာ အခြားသူတွေရဲ့ ဒီအန်အေတွေပါ တွေ့လို့ ထီလတ်မှတ် ပိုင်ရှင် ဘယ်သူဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ စုံစမ်းရေးအဖွဲ့ကတော့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ ဒုရဲချုပ် ခရစ်စနာက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up